မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့ နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းက အခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ ၃၁ ရက်နေ့အထိ ရန်ကုန်အထိုင်လက်ကား မြေဩဇာ ရည်ညွှန်းဈေးနှုန်းတွေကို ထုတ်ပြန်ရာမှာ ပြီးခဲ့တဲ့ လက ထက် မြေဩဇာဈေးနှုန်းအချို့ အနည်းငယ် ကျဆင်းလာတာကို တွေ့ရပါတယ်။

ယူရီးယာမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီရဲ့ ကြီးကြပ်မှုနဲ့ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့ နှင့်စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းအနေနဲ့ တောင်သူတွေ အဓိက သုံးစွဲနေတဲ့ မြေဩဇာတွေကို ရည်ညွှန်း ဈေးအတိုင်း ရောင်းချဖို့ အသင်းဝင်ကုမ္ပဏီတွေကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ရန်ကုန်အထိုင်လက်ကားဈေးနှုန်းတွေအဖြစ် ယူရီးယားမြေဩဇာ(အလုံးကြီး) ၅၀ ကီလိုတစ်အိတ်ကို ၉၅၀၀၀ ကျပ်၊ Rock Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတစ်အိတ်ကို ၁၂၄၀၀၀ ကျပ်နဲ့ DI Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတစ်အိတ်ကို ၁၃၅၀၀၀ ကျပ် သတ်မှတ်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့လနဲ့ နှိုင်းယှဉ်ရင်တော့ အချို့မြေဩဇာဈေးနှုန်းတွေဟာ ၂၀၀၀ ကျပ်လောက် ကျဆင်းလာတာဖြစ်ပါတယ်။

ဒီဈေးနှုန်းတွေဟာ ရန်ကုန်အထိုင်လက္ကားဈေးနှုန်းတွေဖြစ်တာကြောင့် ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်တွေ အပေါ်မှာမူတည်ပြီး ဈေးနှုန်းကွာခြားနိုင်ကာ ရည်ညွှန်းဈေးနှုန်းတွေနဲ့အညီ ရောင်းချတာမရှိရင် ဦးဆောင် ကော်မတီ ဖုန်းနံပါတ်နဲ့ အသင်းဖုန်းနံပါတ်တို့ကို ဆက်သွယ်အသိပေးနိုင်တယ်လို့ သိရပါတယ်။