မြန်မာနိုင်ငံအတွင်း ထုတ်လုပ်တဲ့ ပြည်တွင်းဖြစ်မြေပဲဆီတွေကို ဩဂုတ်လ ၃ ရက်နေ့က ရန်ကုန်မြို၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ရုံးရှေ့မှာဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးနေတယ်လို့သိရပါတယ်။ အခုရောင်းချတာကတော့ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်အသင်းတွေစုပေါင်းပြီး FDA လက်မှတ်ရရှိထားတဲ့ မြေပဲဆီတွေကိုရောင်းချတာဖြစ်ပါတယ်။

ဒီလို ရောင်းချပေးရာမှာ မန္တလေး၊ ရန်ကုန်၊ မကွေး၊ စစ်ကိုင်းနဲ့ ပဲခူးတိုင်းဒေသကြီးစတဲ့ တိုင်းဒေသကြီးတွေရှိ မြေပဲဆီစက်ကုမ္ပဏီတံဆိပ်ပေါင်း ၁၁ မျိုးက မြေပဲဆီတစ်ပိဿာကို ၁၇၀၀၀ ကျပ်ဈေးနဲ့ရောင်းချပေးနေတာ ဖြစ်ပါတယ်။ ပြင်ပမှာ လက်ရှိရောင်းချနေတာက မြေပဲဆီတစ်ပိသာကို ကျပ်(၂)သောင်းကျော်အထိရှိပြီ ပြင်ပကဆီဆိုင် တွေထက် ဈေးနှုန်းသက်သာတဲ့အတွက်လာရောက်ဝယ်ယူတဲ့သူတွေလည်းများပြားခဲ့ပါတယ်။ မြေပဲဆီလာရောက် ဝယ်ယူကြတဲ့ဒေသခံအချို့ကလည်း အခုလို ရောင်းချပေးတဲ့အတွက် အဆင်ပြေတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံဆီစက်ပိုင်ရှင်အသင်းက ပြည်တွင်းဖြစ်မြေပဲဆီတွေကို ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးတာက ပထမဆုံးအကြိမ်ဖြစ်ပြီး ဩဂုတ်လ ၃ ရက်ကနေ ၄ ရက်နေ့အထိ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။