ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့တွင်း ၆ မြို့နယ်ထက် မြို့သစ်မြို့နယ်တွေမှာ အိမ်ခြံမြေဈေးကွက် ပိုမိုမြင့်တက်လာတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအိမ်ခြံမြေဝန်ဆောင်မှုအသင်း ဥက္ကဋ္ဌ ဒေါ်မြတ်မိုမိုကပြောပါတယ်။
ရန်ကုန်မြို့တွင်း ၆ မြို့နယ်မှာ လူဦးရေထူထပ်လာပြီး မြေနေရာနည်းလာသလို တိုက်ခန်းတွေများပြားလာတဲ့အတွက် မြေကိုနှစ်သက်သူတွေက မြေရှိရာမြို့သစ်မြို့နယ်တွေမှာ ဝယ်လိုအားများပြားတယ်လို့ ဒေါ်မြတ်မိုမိုကပြောပါတယ်။

မြို့သစ် ၄ မြို့နယ်အပြင် အခြားနေရာတွေမှာလည်း တက်သင့်သလောက်တက်နေတာမျိုးရှိပေမယ့် မြေကိုရင်းနှီး မြှုပ်နှံတာကပိုများတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်လောက်ကစပြီး နယ်မြေဒေသမတည်ငြိမ်မှုတွေနဲ့ အကြောင်းအမျိုးမျိုးတွေကြောင့် ရန်ကုန်တိုင်းဒေသကြီးကိုပြောင်းရွေ့နေထိုင်တာတွေ ပိုမိုများပြားလာတဲ့အတွက် ရန်ကုန်ရဲ့အိမ်ခြံမြေဈေးကွက်က အတက်ဘက်ကို ဦးတည်လာတာဖြစ်ပါတယ်။
ဒါ့အပြင် အကြောင်းအမျိုးမျိုးနဲ့ ရန်ကုန်ကိုယာယီပြောင်းရွေ့နေထိုင်သူတွေလည်း များပြားလာတာကြောင့် အိမ်ငှားဈေးကွက်မှာလည်း ပိုမိုအားကောင်းခဲ့တယ်လို့ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ အိမ်ခြံမြေဈေးကွက်နဲ့ အငှားဈေးကွက်တွေကတော့ လက်ရှိအခြေအနေထက် အတက်ဘက်ကို ပိုမိုရောက်ရှိလာနိုင်တယ်လို့လည်းသုံးသပ်နေကြပါတယ်။