မြန်မာ-ရုရှား နှစ်နိုင်ငံအကြား စီးပွားရေးအခွင့်အလမ်းတွေ ရှာဖွေဖို့ စဉ်းစားနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး H.E.Mr. Iskander Azizov (မစ္စတာ အစ်စကန်ဒါ အာဇီဇော့)က ပြောပါတယ်။မြန်မာ့ထုတ်ကုန်တွေနဲ့ ပတ်သက်လို့ မြန်မာဘက်က မိတ်ဖက်ကုန်သည်တွေနဲ့ ချိတ်ဆက်ပြီး ကုန်သွယ်မှုတွေ လုပ်ဆောင်ဖို့ အလေးအနက်ထား ဆောင်ရွက်နေပြီး အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

မြန်မာ့စီးပွားရေး အသိုက်အဝန်းမှာ MSME လုပ်ငန်းတွေအပေါ် အစိုးရက အလေးထား အားပေးနေတာကြောင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စဉ်းစားနေတာဖြစ်တယ်လို့ ရုရှား သအမတ်ကြီးက ဆက်ပြောပါတယ်။လက်ရှိမှာ မြန်မာနဲ့ ရုရှားနိုင်ငံအကြား နှစ်နိုင်ငံကုန်သွယ်မှုက တိုးတက်မှုရှိပြီး ရုရှားကနေ မြန်မာကို ဆေးဝါး ထုတ်ကုန်တွေ၊ မြေဩဇာ၊ ဓာတ်မြေဩဇာ စတဲ့ ကုန်ပစ္စည်းတွေ တင်ပို့နေတာပါ။ ရုရှားနိုင်ငံကနေ လယ်ယာ စိုက်ပျိုးရေး စက်ကိရိယာတွေ ဆက်လက်တင်ပို့နိုင်ဖို့ စီစဉ်နေပြီး မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ကဏ္ဍ ပိုမိုတိုးတက်လာစေဖို့အတွက်လည်း တိုက်ရိုက်လေကြောင်းလိုင်းတွေ ပြေးဆွဲနေတယ်လို့ ဆိုပါတယ်။

မြန်မာ-ရုရှား ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု မိတ်ဖက်ဆက်ဆံရေးဟာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ တာဝန် ယူတဲ့ အချိန်ကစပြီး အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်ကလည်း ပြောကြားထားပါတယ်။