မြန်မာ-ဘီလာရုစ် စီးပွားရေးဖိုရမ်ကို မတ်လ၆ရက်၊ ဒေသစံတော်ချိန်ညပိုင်းက ဘီလာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ Prisedent Hotelမှာကျင်းပပါတယ်။ဖိုရမ်မှာ ဘီလာရုစ်နိုင်ငံကို နိုင်ငံတော်အဆင့်ခရီးစဉ်ရောက်ရှိနေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားပါတယ်။

ဆက်လက်ပြီး ဘီလာရုစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာယူရီရှူလိုင်ကိုက နှုတ်ခွန်းဆက်စကား ပြောကြားပါတယ်။အဲဒီနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းတွေနဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားပြီး ဘီလာရုစ်ကုန်သည်နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (BelCCI) ဒုတိယဥက္ကဋ္ဌ မစ္စဟယ်လန်မာလီနောစကာယာက ဘီလာရုစ်နိုင်ငံရဲ့ ပို့ကုန်တင်ပို့မှုတွေနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားပါတယ်။

မြန်မာနိုင်ငံရဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအလားအလာနဲ့ပတ်သက်လို့ UMFCCI ဒုတိယဥက္ကဋ္ဌ ဦးမြဟန်က ရှင်းလင်းပြောကြားပြီး မြန်မာ့ကုန်ထုတ်လုပ်မှုကဏ္ဍနဲ့ အခွင့်အလမ်းတွေနဲ့ပတ်သက်လို့ UMFCCI အထွေထွေအတွင်း ရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က ရှင်းလင်းပြောကြားပါတယ်။ဒါ့အပြင် မြန်မာ့ကျောက်မျက်လုပ်ငန်းကဏ္ဍနဲ့ပတ်သက်လို့ UMFCCIမှ ဦးညီညီလွင်က ရှင်းလင်းပြောကြားပြီး မြန်မာ့ခရီးသွားကဏ္ဍနဲ့ပတ်သက်လို့ MAIဥက္ကဋ္ဌ ဦးအောင်အောင်ဇော်က ရှင်းလင်းပြောကြားပါတယ်။ဆက်လက်ပြီး ကုန်သွယ်မှုနဲ့ပတ်သက်လို့ ထိရောက်တဲ့ ယန္တရားတွေအကြောင်း၊ ဘီလာရုစ်နိုင်ငံရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်းတွေကိုလည်း ဖိုရမ်ကိုတက်ရောက်လာတဲ့ တာဝန်ရှိသူတွေက ရှင်းလင်းပြောကြားပါတယ်။

အဲဒီနောက်မှာတော့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နဲ့ BelCCIဥက္ကဋ္ဌ မစ္စတာ မီခေးလ်မီယက်လီကော့ဗ်တို့က နိဂုံးချုပ်အမှာစကားပြောကြားကြပါတယ်။မြန်မာ-ဘီလာရုစ် စီးပွားရေးဖိုရမ်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)နဲ့ ဘီလာရုစ်ကုန်သည်နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (BelCCI)တို့ ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။