မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ မကြာမီစတင်နိုင်မယ်လို့ ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာမက်ဆင်ရူဇန်ကော့ဗ်က ပြောပါတယ်။ ဇန်နဝါရီ ၁၀ ရက်က ရန်ကုန်မြို့၊ Lotte Hotel မှာ ကျင်းပတဲ့ Myanmar-Belarus Bussiness Forum မှာ မစ္စတာမက်ဆင်ရူဇန်ကော့ဗ်က အခုလို ပြောကြား လိုက်တာပါ။

အခုခရီးစဉ်မှာ ဘယ်လာရုစ်က စီးပွားရေးလုပ်ငန်းရှင်တွေလည်း အတူလိုက်ပါလာပြီး မြန်မာနိုင်ငံနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းများစွာရှိတာကို တွေ့ရတာကြောင့် မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် တွေနဲ့ ချိတ်ဆက်ပြီး မကြာမီကာလအတွင်း လုပ်ငန်းတွေ စနိုင်မယ်လို့ မစ္စတာမက်ဆင်ရူဇန်ကော့ဗ်က ပြောကြား ခဲ့ပါတယ်။

ဖိုရမ်ကိုတက်ရောက်လာတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစောကလည်း ကုန်စည် ကူးသန်းရောင်းဝယ်မှု၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနဲ့ အထူးစီးပွားရေးဇုန်တွေမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မှု အခြေ အနေတွေ၊ မြန်မာနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနဲ့ အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး ဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ နှစ်နိုင်ငံအစိုးရတွေအနေနဲ့ စီးပွားရေး လုပ်ငန်းတွေ လွယ်ကူချောမွေ့စေရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးနိုင်မယ့် အခြေအနေတွေကို ရှင်းလင်းပြောကြား ခဲ့ပါတယ်။

အခုကျင်းပတဲ့ဖိုရမ်မှာ ဓာတ်မြေဩဇာလုပ်ငန်း၊ နို့နဲ့ နို့ထွက်ပစ္စည်း၊ ကျန်းမာရေးဝန်ဆောင်မှု၊ ဆေးဝါးထုတ်ကုန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း၊ တိရစ္ဆာန်ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းနဲ့ စားသောက်ကုန်ဆိုင်ရာကဏ္ဍတွေကို အဓိကထားပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။