၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ(၁)ရက်ကနေ ဩဂုတ်လ(၁၆)ရက်အတွင်း မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု ပမာဏဟာအမေရိကန်ဒေါ်လာ(၁)ဘီလီယံကျော်ရှိခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေသိရပါတယ်။
မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုအနေနဲ့ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်နဲ့ထီးခီးကုန်သွယ်ရေးစခန်းတွေမှာ ပို့ကုန်တန်ဖိုးပမာဏ အမေရိကန်ဒေါ်လာ သန်း ၉၆၀ ကျော်ရှိခဲ့ပြီး သွင်းကုန်တန်ဖိုးပမာဏ အမေရိကန်ဒေါ်လာသန်း ၁၉၀ ကျော်ရှိခဲ့ကာ စုစုပေါင်းကုန်သွယ်မှု ပမာဏအနေနဲ့ အမေရိကန် ဒေါ်လာ သန်း(၁၁၅၀) ကျော်ရှိခဲ့တယ်လို့ဆိုပါတယ်။
ပြည်ပနိုင်ငံတွေကို ပို့ကုန်တင်ပို့မှုအနေနဲ့ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲအမျိုးမျိုး၊ ကြက်သွန်နီ၊ ရေထွက်ကုန်ပစ္စည်း၊ ရော်ဘာစိမ်း၊ ချုပ်ပြီးအထည်၊ သဘာဝဓာတ်ငွေ့နဲ့ သကြားတို့ကိုတင်ပို့ခဲ့တာဖြစ်ပါတယ်။
သွင်းကုန်တင်သွင်းမှုအနေနဲ့ကတော့ လျှပ်စစ်မော်တော်ယာဉ်တွေ၊ စက်နဲ့စက်ပစ္စည်းတွေ၊ ဆေးနဲ့ဆေးဝါးပစ္စည်းတွေ၊ ဓာတ်မြေဩဇာတွေ၊ ပိုးသတ်ဆေးတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေနဲ့ စက်မှုသုံးကုန်ကြမ်းပစ္စည်းတွေကိုတင်သွင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။