မြန်မာ-တရုတ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေဟာ လက်ရှိမှာ လုံခြုံချောမွေ့စွာ လည်ပတ်နေတယ်လို့ SEAOP/SEAGP ကုမ္ပဏီရဲ့ ၂၀၂၄ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။မြန်မာ-တရုတ် ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေဟာ ရခိုင်ပြည်နယ်ကနေ စတင်သွယ်တန်းထားတာဖြစ်ပြီး လက်ရှိမှာ နယ်မြေမတည်ငြိမ်မှုတွေရှိနေပေမယ့် ပိုက်လိုင်းတွေကတော့ လုံခြုံချောမွေ့စွာ လည်ပတ်နေတယ်လို့ ဆိုပါတယ်။

ပိုက်လိုင်းကာကွယ်ရေးနဲ့ပတ်သက်ပြီး ပရော်ဖက်ရှင်နယ် အင်ဂျင်နီယာတွေနဲ့ ဒေသခံကင်းလှည့်သမားတွေက ပိုက်လိုင်းလမ်းကြောင်းတစ်လျှောက် နေ့စဉ် ခြေလျင်ကင်းလှည့်နေပြီး အလုပ်ခွင်ဇုန်အတွင်း တန်ချိန် ၂၀ ကျော်တဲ့ ယာဉ်တွေ ဖြတ်မောင်းတာရှိမရှိ၊ မြစ်ချောင်းတွေကို ပိုက်လိုင်းဖြတ်သန်းရာမှာ နုန်းအနယ်အနှစ်တွေ တင်ကျန် တာ ရှိမရှိ၊ ဆက်သွယ်ရေးဖိုက်ဘာကြိုးတွေနဲ့ ပိုက်လိုင်းတွေ မြေပေါ်မှာပေါ်နေတာ ရှိမရှိ စစ်ဆေးဖို့နဲ့ ပိုက်လိုင်း လုံခြုံရေးကို ခြိမ်းခြောက်လာတဲ့ အပြုအမူတွေနဲ့အဖြစ်အပျက်တွေကို တားဆီးဖို့ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ ရမ်းဗြဲကျွန်းကစတင်ပြီး ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းကာ တရုတ်နိုင်ငံ ရွှေလီမြို့ကတစ်ဆင့် တရုတ်နိုင်ငံကို ဝင်ရောက်ဖို့ သွယ်တန်းထားပြီး ရေနံပိုက်လိုင်းကလည်း ရခိုင်ပြည်နယ်၊ မဒေးကျွန်းကစတင်ကာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနဲ့အပြိုင် သွယ်တန်းထားတာဖြစ်တယ်လို့ သိရပါတယ်။