မြန်မာ့ရွှေကို အမေရိကန် ၊ အင်္ဂလန် နဲ့ ဂျပန် အပါအဝင် နိုင်ငံတကာဈေးကွက်ဝင် အရည်အသွေးရရှိ ဖို့အတွက် ရွှေ အရည်အသွေး စံချိန်စံညွှန်းဓာတ်ခွဲခန်းကို ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းရုံးမှာ ဖွင့်လှစ်မယ်လို့ သိရပါတယ်။ရွှေနဲ့ငွေကြေး စောင့်ကြပ်ကြည့်ရှုရေးကော်မတီကနေ စံချိန်စံညွှန်း ဓာတ်ခွဲခန်းတည်ထောင်ဖို့အတွက် လမ်းညွှန် ချမှတ်ထားပြီး ခုဆိုရင် ဓာတ်ခွဲခန်းတည်ထောင်ဖို့အတွက် လိုအပ်တာတွေကို ဆောင်ရွက်နေပြီလို့ သိရပါတယ်။

နိုင်ငံတကာမှာ ရောင်းချနေတဲ့ ရွှေအရည်အသွေးဟာ ၉၉၉၉ စံချိန်စံညွှန်းရှိတဲ့အတွက် မြန်မာ့ရွှေကို လည်း ၉၉၉၉ စံချိန်စံနှုန်းဝင်အောင် ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ ဦးမျိုးမြင့် က ပြောပါတယ်။ ရွှေအရည်အသွေးစံချိန်စံညွှန်း ဓာတ်ခွဲခန်းဖွင့်လှစ်နိုင်ဖို့အတွက် နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ် ရရှိ အောင် ဆောင်ရွက်နေပြီး ပြည်ပဈေးကွက်ဝင် ရွှေအရည်အသွေးဖြစ်အောင် အမေရိကန်နိုင်ငံ အခြေစိုက် အရည် အသွေး အကဲဖြတ်အတည်ပြုအဖွဲ့ နဲ့ စစ်ဆေးဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

အရင်က ရွှေတစ်ကျပ်သားရဲ့ အလေးချိန် စံချိန်စံညွှန်းဟာ ၁၆ ဒသမ ၆၀၆ ဂရမ် ဖြစ်ပြီး လက်ရှိမှာ ဓာတ် သတ္တု (ရွှေ) ဈေးနှုန်းသတ်မှတ်ရေးကော်မတီက ၁ ကျပ်သားကို အလေးချိန် ၁၆ ဒသမ ၃၂၉၃ ဂရမ် အဖြစ် ပြောင်းလဲ သတ်မှတ်ထားပါတယ်။ဒီလို ဂရမ်အလေးချိန်ပြောင်းလဲလိုက်တဲ့အတွက် ရွှေဈေးကွက်ထဲမှာရှိတဲ့ ရွှေချိန်စက်တွေမှာ အလေး ချိန်ပြောင်း လဲတာတွေကို ပြန်လည်လုပ်ဆောင်နေတယ်လို့ ရွှေဈေးကွက်ကသိရပါတယ်။ဇန်နဝါရီလ ၁၄ ရက် မှာ ဓာတ်သတ္တု (ရွှေ) ဈေးနှုန်းသတ်မှတ်ရေးကော်မတီက ထုတ်ပြန်တဲ့ ရွှေရည်ညွှန်း ဈေးက တစ်ကျပ်သားကို ကျပ် ငါးဆယ့် သုံးသိန်း ရှစ်သောင်း ဖြစ်ပါတယ်။