မြန်မာ့ထုတ်ကုန်တွေကို နိုင်ငံတကာဈေးကွက်ထဲ ထိုးဖောက်နိုင်အောင် ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း၊ အထွေထွေအတွင်းရေးမှူး ဒေါ်ခင်ချောစုဝင်းက ပြောပါတယ်။
စက်တင်ဘာ ၁ ရက်က ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှာ ကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းရဲ့ တတိယအကြိမ်မြောက် နှစ်ပတ်လည်အသင်သားစုံညီအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။
ဗမာတိုင်းရင်းသားလုပ်ငန်းရှင်တွေရဲ့ ထုတ်ကုန်တွေကို နိုင်ငံတကာပြပွဲတွေမှာ ပါဝင်ပြသနိုင်ဖို့ စီစဉ်ထားပြီး နည်းပညာဆိုင်ရာ နဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်ပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ အထွေထွေအတွင်းရေးမှူး ဒေါ်ခင်ချောစုဝင်းက ပြောပါတယ်။

နိုင်ငံတကာက လုပ်ငန်းရှင်တွေကို ဖိတ်ကြားပြီးတော့လည်း မြန်မာ-အိန္ဒိယ၊ မြန်မာ-တရုတ် ထုတ်ကုန်ပြပွဲတွေ ကျင်းပသွားဖို့ အစီအစဉ်ရှိတယ်လို့လည်း ဆိုပါတယ်။
နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးအခမ်းအနားမှာတော့ လုပ်ငန်း (၁၈) ခုက ထုတ်ကုန်ပစ္စည်းတွေကို အထူးဈေးနှုန်းနဲ့ ခင်းကျင်းပြသရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။