မြေပဲပေါ်တဲ့ရာသီဖြစ်ပေမယ့်လည်း မုံရွာစျေးကွက်ကို မြေပဲအဝင်နည်းနေပြီး မြေပဲဆီစျေးလည်း မြင့်တက်သွားတယ်လို့ ဆီရောင်းချသူတွေဆီကနေ သိရပါတယ်။ လက်ရှိမှာ မြေပဲဆီဈေးက တစ်ရက်ပြီးတစ်ရက်တက်နေတဲ့အတွက် ဈေးဖွင့်ရောင်းဖို့တောင် အခက်တွေ့နေတယ်လို့ ဆီရောင်းချသူတစ်ယောက်ကပြောပါတယ်။
ဩဂုတ် ၁၁ ရက်က မြေပဲဆီစျေးဟာ စက်ကြိတ်တစ်ပိဿာ ကျပ် ၁၈၀၀၀၊ ဆုံဆီတစ်ပိဿာ ကျပ်၂၅၀၀၀ နဲ့ ရောင်းချနေကြပြီးမြေပဲဆန်တစ်ပြည်က ကျပ်တစ်သောင်းကျော်စျေးရှိတယ်လို့သိရပါတယ်။

မုံရွာစျေးကွက်ကိုတင်ပို့တဲ့ မြေပဲစိုက်ကျေးရွာတွေက မြေပဲခင်းတွေဟာ မိုးခေါင်တဲ့အတွက် မြေပဲအထွက်လျော့သလို အရည်အသွေးမမီတဲ့ မြေပဲတွေပဲရတယ်လို့ ဘုတလင်မြို့နယ်၊ မောင်းထောင်နယ်မြေ ပဲစိုက်တောင်သူဦးမှတ်ရဲ့ ပြောကြားချက်အရသိရပါတယ်။
မြေပဲ၊နှမ်းစိုက်ခင်းတွေ သီးပွင့်ချိန်မှာ မိုးခေါင်တာနဲ့ ကြုံတွေ့ရတဲ့အတွက် အခုနှစ်ထွက်နှုန်းဟာ အရင်နှစ်ထွက်နှုန်းရဲ့ တစ်ဝက်တောင် မရှိနိုင်ဘူးလို့လည်း တောင်သူတွေကခန့်မှန်းထားကြပါတယ်။