မုံရွာမြို့မှာ အနယ်နယ်အရပ်ရပ်က ရာသီပေါ်သီးနှံတွေရောင်းချတဲ့ ကုန်စိမ်းသည်တွေအတွက် ကုန်စိမ်းဈေးရုံနဲ့ ကုန်စိမ်းပွဲရုံသစ်ကြီး တည်ဆောက်နေမှုဟာ လက်ရှိအချိန်မှာ ရာခိုင်နှုန်း ၈၀ အထိ ပြီးစီးနေပြီ ဖြစ်တယ်လို့ မုံရွာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကနေ သိရပါတယ်။ ကုန်စိမ်းဈေးရုံကြီးကို ဈေးရုံ ၁၂ ရုံနဲ့ တည်ဆောက်နေတာ ဖြစ်ပြီး ဈေးရုံတစ်ရုံကို အခန်း ၈ ခန်းနှုန်းနဲ့ အခန်းပေါင်း ၉၆ ခန်း ပါဝင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကုန်စိမ်းသည်တွေ စနစ်တကျ ရောင်းဝယ်နိုင်ဖို့နဲ့ လမ်းမကြီးတစ်လျှောက် ယာဉ်အန္တရာယ် ကင်းရှင်းရေးတို့ အတွက် ကုန်စိမ်းဈေးရုံနဲ့ ကုန်စိမ်းပွဲရုံသစ်ကြီးကို တည်ဆောက်နေတာ ဖြစ်တယ်လို့ မုံရွာမြို့နယ် စည်ပင် သာယာရေးအဖွဲ့က အမှုဆောင်အရာရှိ ဦးထွန်းထွန်းက ပြောပါတယ်။

တည်ဆောက်နေတဲ့ ကုန်စိမ်းဈေးရုံကို ၂၀၂၄ ခုနှစ်အကုန်မှာ အားလုံးပြီးစီးနိုင်ဖို့ ခန့်မှန်းထားတယ်လို့ ဆိုပါတယ်။ အခုဆောက်လုပ်လိုက်တဲ့ ကုန်စိမ်းဈေးရုံကြောင့် ရာသီပေါ် သီးနှံတွေကို တစ်စုတစ်စည်းတည်း ဝယ်ယူနိုင်ပြီး ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ဖော်ဆောင်ပေးနိုင်မှာ ဖြစ်တယ်လို့ ကုန်စိမ်းသည်တချို့က ပြောပါတယ်။