ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)အနေနဲ့ မသန်စွမ်းသူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေး နေပြီး ပြည်ပမှာပါ သွားရောက်လုပ်ကိုင်နိုင်ဖို့အတွက် စီစဉ်ပေးနေတယ်လို့ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က သိရပါတယ်။ လက်ရှိမှာ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)နဲ့ GIC Myanmar တို့ပူးပေါင်းပြီး မသန်စွမ်းသူတွေ ဂျပန်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနေတယ်လို့ ဆိုပါတယ်။

မသန်စွမ်းသူအများစုဟာ ကာယအသုံးပြုလုပ်ကိုင်တာထက် ဉာဏအင်အားကို အသုံးပြု လုပ်ကိုင်နိုင်မယ့် အလုပ် အကိုင်မျိုးကို ဖန်တီးပေးနေတယ်လို့ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)ရဲ့ ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောပါတယ်။ ဂျပန်နိုင်ငံမှာ မသန်စွမ်းသူတွေ သွားရောက်အလုပ်ကိုင်ဖို့အတွက် ခေါ်ယူတဲ့ လုပ်ငန်းအမျိုးအစားတွေက ရုံးလုပ် ငန်းနဲ့ IT အင်ဂျင်နီယာ ဖြစ်ပါတယ်။ ပညာအရည်အချင်းအနေနဲ့ ဘွဲ့ရရှိသူ ဖြစ်ရမှာဖြစ်ပြီး IT အင်ဂျင်နီယာနေရာ အတွက်ကတော့ ဘွဲ့မရသေးရင်လည်း ITPEC FE နဲ့ လုပ်ငန်းအတွေ့အကြုံလိုအပ်မှာ ဖြစ်သလို ဂျပန်ဘာသာ N 3 အထက် ဖြစ်ရမှာပါ။

လက်ရှိမှာ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)ကနေ မသန်စွမ်းသူတွေအတွက် ဘဏ်လုပ်ငန်း၊ စက်ရုံလုပ်ငန်းတွေ နဲ့ အလုပ်အကိုင်တွေ ချိတ်ဆက်ပေးထားပြီး ခုဆိုရင် မသန်စွမ်း ထောင်ဂဏန်းကျော်အတွက် အလုပ်အကိုင် အခွင့် အလမ်းတွေ ဖန်တီးပေးထားတယ်လို့ သိရပါတယ်။ ဒီအပြင် မသန်စွမ်းသူတွေအတွက် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ သင်တန်းတွေကိုလည်း ဖော်ဆောင်ပေးနေတယ်လို့ သိရပါတယ်။