မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ထဲမှာ အခုရာသီဟာ ဂန္ဓမာပန်းစိုက်ပျိုးကြပြီး ယခုနှစ်ပန်းဈေး ကွက် ကောင်းတယ်လို့ ပန်းစိုက်တောင်သူတွေက ပြောပါတယ်။မင်းဘူးမြို့နယ်အတွင်းရှိ ပေါက်ပင်တွင်းကျေးရွာဟာ ဂန္ဓမာပန်းအမျိုးအစား ၁၄ မျိုးလောက်ကို စိုက်ပျိုးကြပြီးပန်း အမျိုးအစားပေါ်မူတည်ပြီး ဈေးကွက်အပြောင်းအလဲရှိတယ်လို့ သိရပါတယ်။

ဂန္ဓမာပန်းမျိုးထဲမှာ ကြွေဖြူလို့ခေါ်တဲ့ ပန်းတစ်ပွင့်ကို ၂၀၀ ကျပ်ကနေ ၃၀၀ ကျပ်ဝန်းကျင်ဈေးရှိပြီး တခြား အမျိုး အစားဖြစ်တဲ့ ရွှေဝါဝင်း၊ စံပယ်ဖြူ၊ ကျောက်စိမ်း ၊ရွှေစိမ်း၊ မြစံပယ်ဖြူ စတဲ့ ပန်းတွေကတော့ လူကြီး လက်တစ်ဆုပ်စာကို တစ်ထောင်ကျပ်နှုန်းနဲ့ ရောင်းချကြတာပါ။

အခုနှစ်က ဈေးကောင်းပေမယ့် မှိုရောဂါကျရောက်မှုကြောင့် အရင်းအနှီး ပိုစိုက်သုံးရတာတွေလည်းရှိတယ်လို့ မင်းဘူးမြို့နယ်၊ ပေါက်ပင်တွင်းကျေးရွာမှ ပန်းစိုက်တောင်သူ ဦးစန်းကြူက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ကြွေဖြူဂန္ဓမာပန်းတစ်ပွင့်ကို အမြင့်ဆုံးဈေး ၂၀၀ ကျပ်သာရှိခဲ့ပြီး တခြားဂန္ဓမာပန်းတွေကတော့ လူကြီးလက်တစ်ဆုပ်စာကို ၅၀၀ ကျပ်ဝန်းကျင်ဈေးရှိခဲ့တယ်လို့ သိရပါတယ်။မင်းဘူးမြို့နယ်အတွင်းမှာ စိုက်ပျိုးတဲ့ ဂန္ဓမာပန်းမျိုးတွေကိုတော့ တောင်ကြီးနဲ့ ပြင်ဦးလွင်ကနေ တစ်ပင်ကို ၁၂ ကျပ်နှုန်းနဲ့ မှာယူစိုက်ပျိုးကြတာဖြစ်ပါတယ်။