မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှာ ဆောက်လုပ်ရေးလုပ်ငန်းသုံး အုတ်ဈေးတွေဟာ နှစ်ဆခန့်မြင့်တက်လာတယ်လို့ မကွေးမြို့အုတ်၊သဲ၊ကျောက်လုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
အုတ်ထုတ်လုပ်ရာမှာ လုပ်သားရှားပါးမှု၊ ကုန်ကျစာရိတ်မြင့်တက်လာမှုတွေကြောင့် ထုတ်လုပ်ရေးလုပ်ငန်းတွေ အခက်အခဲရှိပြီး ဈေးကွက်က အတက်ဘက်မှာပဲရှိတယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့နှစ် အခုလိုပွင့်လင်းရာသီမှာ အုတ်တစ်ခဲကို (၁၀၀) ကျပ်ကနေ အမြင့်ဆုံး(၁၅၀) ကျပ်ပဲရှိခဲ့ပေမယ့် ဒီနှစ်ပွင့်လင်းရာသီမှာတော့ အုတ်တစ်ခဲကို အရည်အသွေးအပေါ်မူတည်ပြီး (၂၅၀) ကျပ်ကနေ (၂၈၀) ကျပ်အထိ ဈေးတက်သွားတယ်လို့ မကွေးမြို့ အုတ်သဲကျောက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်ကျော်ကပြောပါတယ်။
အုတ်ထုတ်လုပ်ရာမှာ လက်အုတ်၊ စက်အုတ် နှစ်မျိုးလုံးထုတ်လုပ်ကြပြီး အုတ်ကျင်းတစ်ကျင်းမှာ အနည်းဆုံးလုပ်သား(၁၅) ဦးခန့်လိုအပ်တယ်လို့ ဆိုပါတယ်။ ထုတ်လုပ်ရရှိတဲ့အုတ်တွေကို မကွေးမြို့နယ်အတွင်း မှာယူတဲ့နေရာတွေကို အရောက်ပို့စနစ်နဲ့ ပို့ဆောင်ပေးကြတယ်လို့ လည်းသိရပါတယ်။