မကွေးမြို့မှာ ရှမ်းပြည်နယ်ကဝင်လာတဲ့ ကုန်စိမ်းတွေစျေးကျနေသလို ရောင်းအားလည်းကျနေတယ်လို့ ကုန်စိမ်းရောင်းချသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံအတွင်းက တချို့ဒေသတွေမှာ ရေကြီးရေလျှံမှုတွေ၊ လမ်းပိတ်ဆို့မှုတွေ ရှိနေတဲ့အတွက် မကွေးတိုင်းဒေသကြီးကိုပဲ အဓိကတင်ပို့နေတာကြောင့် မကွေးမှာ ရှမ်းကုန်စိမ်းအဝင်များပြီး ဈေးကျနေတာဖြစ်တယ်လို့ ဆိုပါတယ်။
မကွေးမြို့ကို ရှမ်းပြည်နယ်ဘက်ကနေ ခရမ်းချဥ်သီး၊ ပန်းမုန်လာ၊ မုန်လာဥနီ၊ မုန်ညင်း၊ ဂေါ်ဖီ၊ ဘိုစားပဲသီး ၊ဂေါ်ရ ခါးသီး၊ ရွှေပဲသီး စတဲ့ ကုန်စိမ်းတွေကိုတင်ပို့နေတာပါ။ စျေးကျပေမယ့် ရောင်းအားမကောင်းတဲ့အပြင် ပစ္စည်းအလေအလွင့်များလို့ အရှုံးပေါ်နေတယ်လို့ ကုန်စိမ်းရောင်းချသူ မခိုင်ကပြောပါတယ်။
ပြီးခဲ့တဲ့နှစ်တွေက ဒီလိုချိန်မှာ ပစ္စည်းရှားလို့ စျေးမြင့်တက်ခဲ့ပေမယ့် အခုနှစ်ကတော့ ပစ္စည်းအဝင်များနေတဲ့အတွက် စျေးနှုန်းအကျဘက်မှာ ရှိနေတယ်လို့ သိရပါတယ်။ မကွေးမှာ ရှမ်းကုန်စိမ်းကို ဇွန်လကနေ အောက်တိုဘာလအထိ အများဆုံး မှာယူရောင်းချကြတာဖြစ်ပါတယ်။