မြန်မာနိုင်ငံရဲ့ ဆီအိုးကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ မကွေးတိုင်းဒေသကြီးက ဆီစက်တွေရဲ့ လက်ရှိလည်ပတ်နိုင်မှုအခြေအနေဟာ ၃၅ရာခိုင်နှုန်းသာရှိတယ်လို့ မကွေးတိုင်းဒေသကြီး၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနေလင်းအောင်ကပြောပါတယ်၊၊ဒီဇင်ဘာလ ၂၁ ရက် မနက် ၈နာရီခွဲအချိန်လောက်က ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှာပြုလုပ်တဲ့ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းရဲ့ (၃၂)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

လက်ရှိမကွေးမှာ ဆီစက် ၁၀၀ ကျော်ရှိပြီး ဆီစက်တွေရဲ့ လည်ပတ်မှုအခြေအနေက စွမ်းအားပြည့်မလည်ပတ်နိုင်သေးဘဲ ၃၅ရာခိုင်နှုန်းသာလည်ပတ်နိုင်သေးတယ်လို့ ဦးနေလင်းအောင်ကပြောပါတယ်။ ဒါ့အပြင် ဆီထွက်သီးနှံထွက်တဲ့ကာလတွေမှာ ဆီထွက်သီးနှံတွေပြည်ပရောက်မသွားအောင် ဘက်ပေါင်းစုံကနေထိန်းသိမ်းဖို့လိုအပ်ပြီး ပြည်တွင်းမှာဘဲအသုံးချနိုင်အောင် ဆောင်ရွက်ဖို့လိုတယ်လို့သိရပါတယ်။

လက်ရှိ မကွေးတိုင်းဒေသကြီးမှာ ဆီထွက်သီးနှံဈေးကွက်အခြေအနေကတော့ တောင်သူတွေအတွက်အဆင်ပြေနေပြီး ဈေးကျပြီးဝယ်လက်မရှိတာတွေ၊ ဈေးကွက်ပျောက်တာတွေနဲ့ ရောင်းရဝယ်ရခက်တာတွေမရှိဘဲ အဆင်ပြေနေတဲ့အနေအထားမှာရှိတယ်လို့လည်း ဦးနေလင်းအောင်က ဆိုပါတယ်။

ပြည်တွင်းမှာ စားသုံးဆီလိုအပ်ချက်က စားသုံးမှုနဲ့ တခြားလုပ်ငန်းတွေအတွက် နှစ်စဉ်တန်ချိန် ၁ ဒသမ ၁ သန်းခန့်ရှိပြီး စားသုံးဆီထုတ်လုပ်နိုင်မှုက တစ်နှစ်ကို ပျမ်းမျှ တန်ချိန်၁၈၀၀၀၀ခန့်သာထုတ်လုပ်နိုင်တယ်လို့ စားသုံးသူရေးရာဦးစီးဌာနဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ခုနှစ်က ပြည်ပကနေ စားသုံးဆီတန်ချိန် ၆သိန်းကျော် တင်သွင်းခဲ့တယ်လို့လည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။