မကွေးမြို့နယ်အတွင်း မြစ်သဲ၊ ကျောက် ထုတ်လုပ်ရောင်းချသူတွေအနေနဲ့ ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် အရောင်းအဝယ် ပါးနေတယ်လို့ လုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။
မြစ်သဲ၊ ကျောက် ထုတ်လုပ်မှုတွေအတွက် သက်ဆိုင်ရာ ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှာ လိုင်စင်လျှောက်ပြီး ထုတ်လုပ်ကြတာလို့ ဆိုပါတယ်။အခုလို ပွင့်လင်းရာသီမှာ မြစ်သဲ၊ကျောက်တွေကို ထုတ်ယူကြရတာဖြစ်ပြီး အခုနှစ်မှာတော့ ထုတ်လုပ်မှု ကုန်ကျ စရိတ်တွေ မြင့်မားတာကြောင့် ဈေးတက်ရောင်းရတာ၊ ပြည်သူတွေအနေနဲ့လည်း အဆောက်အဦ ဆောက်လုပ် နိုင်မှု နည်းပါးလာတာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
အဲဒါကြောင့် ပြီးခဲ့တဲ့နှစ်ကထက် အရောင်းအဝယ် ပါးတယ်လို့ မကွေးမြို့က အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေး လုပ်ကိုင်သူ ကိုညွန့်ဝင်းက ပြောပါတယ်။ လက်ရှိမှာ မြစ်သဲတစ်ကျင်းကို (၁၇၀၀၀)ကျပ်၊ ကျောက်စရစ် တစ်ကျင်းကို (၅၀၀၀၀)ကျပ် ဈေးရှိနေပြီး ပြီးခဲ့တဲ့ နှစ်ကတော့ မြစ်သဲတစ်ကျင်းကို (၁၀၀၀၀)ကျပ်၊ ကျောက်စရစ် တစ်ကျင်းကို (၃၀၀၀၀) ကျပ်ဈေးသာ ရှိခဲ့တယ်လို့ သိရပါတယ်။