မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ထိုင်းဘတ် ၄ ဒသမ ၇ သန်းကျော် နဲ့ တရုတ်ယွမ် ၅ သိန်းကျော် ရောင်းချခဲ့ပါတယ်။ ဒီဇင်ဘာ ၂၆ ရက်က ဗဟိုဘဏ် ၊ AD လိုင်စင်ရဘဏ်တွေနဲ့ ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်တွေ ပါဝင်တဲ့ နိုင်ငံခြားငွေကြေးဈေးကွက်ကတစ်ဆင့် ရောင်းချပေးခဲ့တာပါ။

အဲဒီနေ့ တစ်ရက်ထဲမှာ ဗဟိုဘဏ်က ရောင်းချပေးတာ အပါအဝင် ထိုင်းဘတ် ၂၂ ဒသမ ၂ သန်းကျော်အတွက် လွှဲပြောင်းမှု ၁၈ ကြိမ် ရှိခဲ့ပြီး ယွမ် ၅ ဒသမ ၆ သန်းကျော်အတွက် လွှဲပြောင်းမှု ၁၁ ကြိမ်ရှိခဲ့တယ်လို့ ဗဟိုဘဏ်ရဲ့ စာရင်း အချက်အလက်တွေအရ သိရပါတယ်။ ဒါ့အပြင် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၇ သန်းကျော်အတွက် လွှဲပြောင်းမှု အကြိမ် ၁၃၀ ရှိခဲ့ပါတယ်။

ဗဟိုဘဏ်က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ နိုင်ငံခြားငွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေ ပြောင်းလဲပြီးနောက်ပိုင်း အခုလို နိုင်ငံခြားငွေတွေ ရောင်းချပေးနေတာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၆ ရက်က နိုင်ငံခြားငွေကြေးဈေးကွက်မှာ အရောင်းအဝယ်လုပ်ခဲ့တဲ့ ဈေးနှုန်းကတော့ အမေရိကန် တစ်ဒေါ်လာကို ၃၅၈၈ ကျပ်၊ ထိုင်းဘတ် တစ်ဘတ်ကို ၁၂၉ ဒသမ ၉ ကျပ်နဲ့ တရုတ်ယွမ် တစ်ယွမ်ကို ၅၃၇ ဒသမ ၄၀ ကျပ် ဖြစ်ပါတယ်။