ဗဟိုဘဏ်အနေနဲ့ ဘဏ်တွေရဲ့ လိုအပ်ချက်ငွေသားတွေကို လုံလောက်စွာ ဖြည့်ဆည်းထုတ်ပေးနေတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ လင်းအောင်က ပြောပါတယ်။ ပုဂ္ဂလိကဘဏ်တွေမှာ ငွေထုတ်ယူမှု များပြားလာပြီး ငွေသားထုတ်ယူမှုကိုလည်း အကန့်အသတ်နဲ့သာ ငွေထုတ် ပေးနေကြောင်း စတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ မဟုတ်မမှန်သတင်းတွေ ဖြစ်ပေါ်နေတဲ့ အပေါ် ပြန်လည်ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။
ဘဏ်တွေအနေနဲ့လည်း ငွေလာရောက်ထုတ်ယူသူတွေကို ဘဏ်မှာသိုလှောင်နိုင်တဲ့ငွေသားပမာဏအတွင်း သတ်မှတ်ချက်တွေနဲ့အညီ ဆောင်ရွက်ထုတ်ပေးနေတယ်လို့လည်း ဆိုပါတယ်။

အရင်အတွေ့အကြုံတွေအရ ကောလာဟလတွေကြောင့် ပြည်သူတွေက ဘဏ်တွေမှာ ငွေတွေ စုပုံထုတ်ယူတာကို ဗဟိုဘဏ်က ကောင်းမွန်စွာ စီမံထိန်းကျောင်းနိုင်ခဲ့ပြီး ဘဏ်ရဲ့ ဝန်ဆောင်မှုတွေ အဆင်ပြေစွာ လည်ပတ်နိုင်ခဲ့ တယ်လို့လည်း ဒေါက်တာ လင်းအောင်က ပြောပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နေ့စဉ် အချိန်နဲ့အမျှ ဘဏ်တွေရဲ့ ငွေသွင်း/ငွေထုတ် အပ်နှံငွေအခြေအနေတွေကို စောင့်ကြည့်ထိန်းကျောင်းနေတာကြောင့် ပြည်သူတွေအနေနဲ့ ကောလာဟလတွေအပေါ် နားယောင်နေဖို့၊ စိုးရိမ် ပူပန်နေဖို့ မလိုအပ်ဘဲ ယုံကြည်စွာနဲ့ အများပြည်သူအကျိုးကို ကြည့်ပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ လိုအပ်တယ် လို့လည်း ဒေါက်တာလင်းအောင်က ပြောပါတယ်။