ပြီးခဲ့တဲ့ ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ်က ပြည်တွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၆၉၀ ကျော် ဝင်ရောက်ခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ဖော်ပြ ထားပါတယ်။

ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၆၀ ဝင်ရောက်ခဲ့ပြီး အဲဒီလုပ်ငန်းတွေကနေ ရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန်ဒေါ်လာ ၆၉၀ ဒသမ ၁၈၉ သန်း ရှိခဲ့တာပါ။

၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၆၆၁ သန်း ကျော်သာ ရှိခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ဘဏ္ဍာနှစ်ကာလတူချင်းနှိုင်းယှဉ်ရင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၂၈ သန်းကျော် တိုးလာတာကို တွေ့ရပါတယ်။

၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅၂ ခုအထိ အများဆုံး ဝင်ရောက်ခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍမှာ ၁ခု ၊ စွမ်းအင်ကဏ္ဍမှာ ၂ ခု ၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍမှာ ၁ခု နဲ့ ဝန်ဆောင်မှုကဏ္ဍ မှာ ၄ ခု ဝင်ရောက်ခဲ့ပါတယ်။
ကုန်ထုတ်လုပ်မှုလုပ်ငန်းမှာ ဝင်ရောက်ထားတဲ့ လုပ်ငန်း ၅၀ ကျော် ရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏက အမေရိကန်ဒေါ်လာ ၁၈၂ သန်းကျော်ရှိပြီး စွမ်းအင်ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၈ သန်းကျော် ရှိခဲ့ပါ တယ်။
အလားတူ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုပမာဏ ၈၇ သန်း ကျော် ရှိပြီး ဝန်ဆောင်မှုက ဏ္ဍမှာတော့ အမေရိကန်ဒေါ်လာ ၅၁ သန်းကျော် ရှိခဲ့တာဖြစ်ပါတယ်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်က ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်တဲ့ ပမာဏက အမေရိကန်ဒေါ်လာ ၃၅၇ ကျော် ရှိခဲ့ပါတယ်။
ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ စင်ကာပူရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏက အများဆုံးဖြစ်ပြီး တရုတ်နဲ့ ထိုင်းနိုင်ငံတို့က ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့ပါတယ်။