အခု၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလကနေ ဒီဇင်ဘာလကုန်အထိ ကိုးလတာအတွင်း ပြည်ပကို ရေထွက်ကုန်ပစ္စည်းတင်ပို့မှုအနေနဲ့ တန်ချိန် ၄၀၂၃၀၈ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၂၁ သန်းရရှိခဲ့တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။

အရင်ဘဏ္ဍာနှစ်ဖြစ်တဲ့ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် ကာလတူနဲ့နှိုင်းယှဉ်ရင်တော့ အခုဘဏ္ဍာနှစ်မှာ တန်ချိန် ၅၆၈၀၀ကျော် အမေရိကန်ဒေါ်လာ ၃သန်းနီးပါးဖိုး ပိုမိုတင်ပို့နိုင်ခဲ့တာဖြစ်တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။တင်ပို့မှုအနေနဲ့ ရေကြောင်း၊ လေကြောင်းကနေ တင်ပို့ခဲ့သလို မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ကျိုင်းတုံ၊ မောတောင်၊ ကျိုင်းလပ်စတဲ့ နယ်စပ်ဂိတ်တွေကနေလည်း တင်ပို့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အခုလက်ရှိမှာတော့ မြန်မာ့ရေထွက်ကုန်ကို နိုင်ငံပေါင်း ၃၀ ကျော်ကို တင်ပို့နေတာဖြစ်ပြီး ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံကို အများဆုံးတင်ပို့နေတာ ဖြစ်တယ်လို့ သိရပါတယ်။