အခုနှစ်ပိုင်းမှာ ပြည်ပကို ကြိမ်ဝါး စတာတွေနဲ့ ပြုလုပ်တဲ့ လက်မှုပစ္စည်းတွေ တင်ပို့မှုက လျော့ကျလာတယ်လို့ မြန်မာနိုင်ငံကြိမ်ဝါးလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။ကုန်ကြမ်းပစ္စည်းရရှိမှုအခက်အခဲ၊ သယ်ယူပို့ဆောင်ရေးအခက်အခဲ အပါအဝင် အခက်အခဲမျိုးစုံကြောင့် ခုလို ပြည်ပတင်ပို့မှု ကျဆင်းလာတာဖြစ်တယ်လို့ မြန်မာနိုင်ငံကြိမ်ဝါးလုပ်ငန်းရှင်များအသင်းရဲ့ အထွေထွေ အတွင်း ရေးမှူး ဦးတင်မျိုးဆန်းက ပြောပါတယ်။

အရင်က ပြည်တွင်းမှာ ကြိမ်ဝါးနဲ့လက်မှုပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီ ၁၅ ခုလောက်အထိ ရှိရာကနေ လက်ရှိမှာ ၉ ခုလောက်သာ ရှိတော့တယ်လို့ ဆိုပါတယ်။ ကျေးလက်ဒေသ အခြေခံထုတ်ကုန်ဖြစ်တဲ့ ကြိမ်ဝါးနဲ့ ပြုလုပ်တဲ့ လက်မှုပစ္စည်းတွေရဲ့ ၈၀ ရာခိုင်နှုန်းကို ပြည်ပဈေးကွက်ကို တင်ပို့နေပြီး ပြည်တွင်းဈေးကွက်မှာ ၂၀ ရာခိုင်နှုန်း ဖြန့်ဖြူးရောင်းချနေတယ်လို့ သိရပါတယ်။လက်ရှိမှာ ကြိမ်ဝါးနဲ့ပြုလုပ်တဲ့လက်မှုပစ္စည်းတွေကို နိုင်ငံပေါင်း ၃၀ ကျော်ကိုတင်ပို့နေရပြီး တစ်သျှူးဘောက် ၊ ပန်းကန်၊ ခြင်းတောင်း၊ ပိုက်ဆံအိတ်နဲ့ လင်ပန်း အစရှိတဲ့ ကြိမ်ဝါးထည်လက်မှုပစ္စည်းအသေးလေးတွေက အမှာ အများဆုံး ရရှိနေတယ်လို့ သိရပါတယ်။

ဝါးကုန်ကြမ်းကို ဧရာဝတီတိုင်းက အများဆုံးရရှိပြီး ကြိမ်ကုန်ကြမ်းကိုတော့ တနင်္သာရီတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကချင်ပြည်နယ် နဲ့ ရခိုင်ပြည်နယ်တို့က အများဆုံးရရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ရန်ကုန်အရောက် ကြိမ်အသေးတစ်လုံးကို ကျပ် ၅၀၀ ပေါက်ဈေးရှိပြီး ကြိမ်အကြီးတစ်လုံးကို ကျပ် ၃၀၀၀ ဝန်းကျင် ပေါက်ဈေးရှိပါတယ်။