၂၀၂၄-၂၀၂၅ ကြံရာသီမှာ ပြည်တွင်းကထွက်ရှိတဲ့ မြန်မာ့သကြားတွေကို ဗီယက်နမ်နိုင်ငံအပြင် အခြားနိုင်ငံတွေ ကိုလည်း တိုးချဲ့တင်ပို့ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းကနေ သိရပါတယ်။
မြန်မာ့သကြားကို ပြည်တွင်းစားသုံးမှု ဖူလုံစေဖို့ ဦးစားပေး ဖြန့်ဖြူးရောင်းချနေတာ ဖြစ်ပြီး ၂၀၂၄-၂၀၂၅ ကြံရာသီ မှာ သကြားစက်ရုံအသစ် (၂) ခု တိုးချဲ့လည်ပတ်မှာဖြစ်လို့ သကြားတွေ ပိုမိုထွက်ရှိလာနိုင်ကာ ပြည်တွင်းစားသုံးမှုအပြင် ပြည်ပနိုင်ငံတွေကိုလည်း ပိုမိုတင်ပို့ရောင်းချနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်တွင်းမှာ ကြံရာသီဟာ နှစ်စဉ် ဒီဇင်ဘာလကနေ ဧပြီလအထိ ဖြစ်ပြီး ၂၀၂၃-၂၀၂၄ ကြံရာသီက ထွက်ရှိတဲ့ သကြားတွေကို ပြည်ပကို တန်ချိန် တစ်သိန်းဝန်းကျင် တင်ပို့နိုင်ခဲ့ရာမှာ နိုင်ငံတကာပေါက်ဈေးအတိုင်း ရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ပြည်တွင်းကထွက်ရှိတဲ့ သကြားတွေကို ဗီယက်နမ်နိုင်ငံကို အများဆုံး တင်ပို့နေတာဖြစ်ပြီး ဗီယက်နမ်နိုင်ငံအနေနဲ့ မြန်မာ့သကြားတွေကို အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့်ပြုထား တယ်လို့ သိရပါတယ်။