အခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ၊ဧပြီလ ကနေ နိုဝင်ဘာအထိ ၈ လတာကာလအတွင်း ပြည်ပကို ပဲမျိုးစုံ တန်ချိန် ၁ ဒသမ ၃၉ သန်း တင်ပို့နိုင်ခဲ့တယ်လို မြန်မာနိုင်ငံပဲမျိုးစုံ၊ပြောင်းနှင့်နှမ်းကုန်သည်များအသင်းကနေသိရပါတယ်။တန်ဖိုးအနေနဲ့ဆိုရင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံနီးပါးဖိုး တင်ပို့နိုင်ခဲ့တာဖြစ်တယ်လို ဆိုပါတယ်။

အခုနှစ်ပဲတင်ပို့မှုဟာ ပြီးခဲ့တဲ့နှစ်ကာလတူနဲ့ နှိုင်းယှဉ်ရင် အနည်းငယ်တက်လာတယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းရဲ့ အကြံပေးပုဂ္ဂိုလ် ဦးစိုးဝင်းမောင်က ပြောပါတယ်။ ပဲမျိုးစုံတင်ပိုရာမှာ အိန္ဒိယနိုင်ငံကိုအများဆုံးတင်ပို့ပြီး တရုတ်နိုင်ငံကို ဒုတိယအများဆုံး တင်ပို့ထားကာ ဂျပန်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား စတဲ့နိုင်ငံတွေကိုလည်း တင်ပို့ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်ကတော့ ပြည်ပကို ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၈ သန်းနီးပါး၊ အမေရိကန်ဒေါ်လာ ၁ ဘီလီယံခွဲနီးပါးဖိုး တင်ပို့နိုင်ခဲ့တယ်လို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေ အရ သိရပါတယ်။