ပဲခူးတိုင်းဒေသကြီးအတွင်းကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ကနေ လက်ရှိအချိန်အထိ(၃)နှစ်တာကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေနဲ့ အမေရိကန်ဒေါ်လာ(၂၀၁)သန်းကျော်၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ကျပ်သန်း (၈၀၀၀၀)ကျော်ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ်လ(၁၆)ရက်၊ မနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမမှာပြုလုပ်တဲ့ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးကနေ သိရတာဖြစ်ပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူ(၁၂၄၉၀)ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ဆောင်ပေးနိုင်ခဲ့သလို အခုနှစ်ဩဂုတ်လအတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၁ ဒသမ ၂)သန်း ထပ်မံဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအစည်းအဝေးကို တက်ရောက်လာတဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကလည်း စိုက်ပျိုးရေးနဲ့ မွေးမြူရေးကိုအခြေခံတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို ဖိတ်ခေါ် ဆောင်ရွက်ဖို့လိုအပ်မှာဖြစ်သလို လုပ်သားအင်အားများများ အလုပ် အကိုင်ရရှိနိုင်မယ့် CMP လုပ်ငန်းတွေကိုပါ ထပ်မံရင်းနှီးမြှုပ်နှံနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားရမှာဖြစ်တယ်လို့ပြောပါတယ်။
ဒါ့အပြင် စက်မှုဇုန်ကြီးကြပ်ရေးနဲ့စစ်ဆေးရေးကော်မတီအဖွဲ့ဝင်တွေအနေနဲ့ တည်ဆောက်ဆဲစက်ရုံ/အလုပ်ရုံတွေရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ ကြန့်ကြာမှုမရှိစေရေး ၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေအမြန်ဆုံးဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြီးကြပ်တဲ့လုပ်ငန်းတွေကို ဆောင်ရွက်သွားရမှာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။