ပဲခူးတိုင်းဒေသကြီးမှာ အခုဇန်နဝါရီလအတွင်း ခွဲစိတ်ခန်းသုံးနဲ့ကျန်းမာရေးဆက်စပ်ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်းအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅ဒသမ၆၅၁သန်း တိုးမြှင့်မှုကို ခွင့်ပြုပေးခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီကနေ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီးအတွင်းမှာ လျှပ်စစ်နဲ့စွမ်းအင်ကဏ္ဍရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရေး ဖိတ်ခေါ်ဆောင်ရွက်သွားရမယ်လို့ ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဇန်နဝါရီ၁၁ရက်ကပြုလုပ်တဲ့ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ဒါ့အပြင် စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေအတွက် တန်ဖိုးမြင့်ထုတ်ကုန်တွေထုတ်လုပ်နိုင်ရေး အအေးခန်းစက်ရုံတွေ၊ စည်သွပ်ဗူးစက်ရုံတွေနဲ့ ဓာတ်မြေဩဇာစက်ရုံတွေ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ချိတ်ဆက်ဆောင်ရွက်သွားရမယ်လို့လည်း ပြောပါတယ်။
ပဲခူးတိုင်းဒေသကြီးမှာ ၂၀၂၁ခုနှစ်ဖေဖော်ဝါရီလကနေ လက်ရှိအချိန်ထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၀၉ဒသမ၀၂၂သန်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ်၁၀၆ဘီလီယံကျော် ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း ၁၃၀၀၀ကျော် ဖန်တီးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။