ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းကို လိုင်စင်မရှိဘဲ တည်ထောင်လုပ်ကိုင်မယ်ဆိုရင် ထောင်ဒဏ် တစ်နှစ် ကနေ သုံးနှစ်ထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်ရမယ့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီ ၁၈ ရက်မှာ ပြဋ္ဌာန်းလိုက်ပါတယ်။ ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့ အခုဥပဒေပြဋ္ဌာန်းတဲ့ နေ့ကစပြီး ခြောက်လအတွင်း သတ်မှတ်ချက် တွေနဲ့ အညီ လိုင်စင်လျှောက်ထားရတော့မှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီအပြင် အခုဥပဒေမပြဋ္ဌာန်းမီ က ကိုယ်ပိုင်လုပ်ငန်း ဒါမှမဟုတ် လုပ်ငန်းခွဲအတွက် ၁၀ ဦးထက်ပိုတဲ့ ပုဂ္ဂလိက လုံ ခြုံရေးဝန်ထမ်း ခန့်ထားသူ တွေအနေနဲ့လည်း အခုဥပဒေပြဋ္ဌာန်းတဲ့ နေ့ကစပြီး ခြောက်လအတွင်း သတ်မှတ် ချက်တွေနဲ့အညီ ခွင့်ပြုမိန့် လျှောက်ထားရမှာ ဖြစ်တယ်လို့လည်း ပြဋ္ဌာန်းထားပါတယ်။ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်း လျှောက်ထားသူဟာ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနဲ့အညီ မှတ်ပုံတင် ထားတဲ့ ကုမ္ပဏီဖြစ်ရမှာဖြစ်ပြီး သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်တွေက ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုကြီးကြပ် ကွပ်ကဲရေးကော်မတီကို ဖော်ပြထားတဲ့ အချက်အလက်တွေ ဖော်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုပေးဖို့ မဟုတ်ဘဲ ကိုယ်ပိုင်လုပ်ငန်း ဒါမှမဟုတ် လုပ်ငန်းခွဲအတွက် စုစုပေါင်း ၁၀ ဦး ထက်ပိုတဲ့ လုံခြုံရေးဝန်ထမ်းခန့်ထားလိုသူတွေအနေနဲ့ကတော့ သက်ဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးကော်မတီကို ခွင့်ပြုမိန့် လျှောက်ထားရမှာ ဖြစ်ပါတယ်။ လိုင်စင်ရရှိသူအနေနဲ့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင် ရာမှာ လိုအပ်ချက်အရ လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်း ကိုင်ဆောင်ခွင့်နဲ့ ပတ်သက်ပြီး ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်နဲ့ လက်နက်ဥပဒေ၊ လက်နက်ခဲယမ်းကိုင်ဆောင် ခွင့်မူ၊ တည်ဆဲဥပဒေတွေနဲ့အညီ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့လည်း ပြဋ္ဌာန်းချက်မှာ ဖော်ပြထားပါတယ်။

တားမြစ်ချက်တွေထဲမှာတော့ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းကို လိုင်စင်မရှိဘဲ တည်ထောင်လုပ်ကိုင် မယ်ဆိုရင် အနည်းဆုံး တစ်နှစ်ကနေ အများဆုံး သုံးနှစ်ထိ ထောင်ဒဏ်ချမှတ်ရမယ့်အပြင် ငွေဒဏ် ကျပ်သိန်းတစ် ရာအထိ ချမှတ်ရမှာဖြစ်ပြီး ကုမ္ပဏီ ဒါမှမဟုတ် အဖွဲ့အစည်းဖြစ်ရင် ငွေဒဏ် အနည်းဆုံး ကျပ်သိန်းတစ်ထောင် ကနေ အများဆုံး ကျပ်သိန်းသုံးထောင်အထိ ချမှတ်ရမှာ ဖြစ်တယ်လို့လည်း ပြဋ္ဌာန်းထားပါတယ်။ခွင့်ပြုမိန့် မရှိဘဲ ကိုယ်ပိုင်လုပ်ငန်းနဲ့ လုပ်ငန်းခွဲအတွက် လုံခြုံရေးဝန်ထမ်း ၁၀ ဦးထက်ပိုပြီး ခန့်ထားမယ်ဆိုရင် လည်း တစ်နှစ်ထက် မပိုတဲ့ ထောင်ဒဏ်၊ ငွေဒဏ် ကျပ်သိန်း တစ်ရာကနေ ကျပ်သိန်း ငါးရာအထိနဲ့ ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်တယ်လို့လည်း ပြဋ္ဌာန်းချက်မှာ ဖော်ပြထားပါတယ်။အခုပြဋ္ဌာန်းလိုက်တဲ့ ဥပဒေပါ ပြစ်မှုတွေကတော့ ရဲအရေးယူပိုင်ခွင့်ရှိတဲ့ ပြစ်မှုတွေအဖြစ် သတ်မှတ်ထားတယ်လို့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။