အခု ၂၀၂၅ ခုနှစ် ဧပြီလကစပြီး မြန်မာ-ထိုင်း နယ်စပ် မြိတ်နဲ့ ကော့သောင်း ကုန်သွယ်ရေးစခန်းတွေမှာ အွန်လိုင်း စနစ်နဲ့အခွန်ပေးဆောင်နိုင်ဖို့ ဆောင်ရွက်ထားတယ်လို့ အကောက်ခွန်ဦးစီးဌာနက သိရပါတယ်။ အကောက်ခွန် ဦးစီးဌာနက MACCS Online Payment System ကို မြိတ်နဲ့ကော့သောင်း နယ်စပ်ကုန်သွယ်ရေး စခန်းတွေမှာ လာမယ့် ဧပြီလမှာ စတင်အသုံးပြုသွားမှာပါ။ မြဝတီနဲ့တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းတွေမှာတော့ အခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး MACCS Online Payment System ကို အသုံးပြုနေပြီလို့ အကောက်ခွန် ဦးစီးဌာနက သိရပါတယ်။

အကောက်ခွန်ဦးစီးဌာနမှာ MACCS စနစ်ကို အသုံးပြုပြီး ကုန်ပစ္စည်းရှင်းလင်းထုတ်ယူတဲ့ လုပ်ငန်းစဥ်တွေအတွက် အခွန်ငွေပေးဆောင်ရာမှာ Deposit Payment ၊ Direct Payment တို့အပြင် Mobile Banking ၊ Internet Banking တို့ကတစ်ဆင့် Online Payment နဲ့ အခွန်ငွေပေးဆောင်နိုင်ဖို့အတွက် AYA Bank ၊ KBZ Bank ၊ CB Bank တို့နဲ့ ချိတ်ဆက် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကစပြီး သီလဝါ အထူးစီးပွားရေးဇုန်နဲ့ ရန်ကုန်ဧရိယာမှာ MACCS Online Payment System စတင် အသုံးပြုဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ အခုနှစ်ထဲမှာ မြဝတီ၊ တာချီလိတ်၊ မြိတ်နဲ့ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းတွေမှာပါ ဆက်လက် အသုံးပြုသွားမှာဖြစ်ပါတယ်။

MACCS Online Payment System မှာ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေရဲ့ Mobile banking ၊ Internet Banking တွေကတစ်ဆင့် Payment Statement Information ရရှိပြီးတဲ့ Import / Export Declaration နံပါတ်တွေကို ကျသင့်အခွန်ငွေ တိုက်ရိုက်ပေးဆောင်တာနဲ့ MACCS စနစ်မှာရှိတဲ့ Deposit Account ထဲကို ငွေထပ်မံ ဖြည့်သွင်း တဲ့လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။မြန်မာ အလိုအလျောက်ကုန်ပစ္စည်းရှင်းလင်းရေးစနစ်(MACCS)ဟာ သွင်းကုန်ကြေညာလွှာတွေကို အလို အလျောက်လက်ခံစိစစ်ပေးပြီး ကျသင့်အခွန်တွေကို အလိုအလျောက်တွက်ချက်ကာ ငွေပေးချေမှု လုပ်ငန်းစဉ် ပြီးတာနဲ့ ကုန်ပစ္စည်းထုတ်ယူခွင့်ကို စက်ကနေ အလိုအလျောက် ပြန်ချပေးတဲ့စနစ် ဖြစ်ပါတယ်။