လာမယ့် ဖေဖော်ဝါရီလ ၁ ရက်ကစပြီး ထိုင်းနိုင်ငံကို အခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းတွေ ပြန်လည် တင်ပို့နိုင်တော့ မှာဖြစ်တဲ့အတွက် ပြောင်းဝယ်ယူ စုဆောင်းမှုတွေ ရှိနေပြီလို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းကနေ သိရပါ တယ်။ ဒီလိုဝယ်ယူစုဆောင်းမှုတွေ ရှိလာပေမယ့် ပြောင်းဈေးနှုန်းက အတက်အကျမရှိဘဲ ဈေးငြိမ်တယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းရဲ့ ဂုဏ်ထူးဆောင်နာယက ဦးမင်းခိုင်က ပြောပါတယ်။

ထိုင်းနိုင်ငံဘက်က မြန်မာ့ပြောင်းတွေကို ဖေဖော်ဝါရီလကနေ ဩဂုတ်လကုန်အထိ ၇ လအတွင်း အခွန် ကင်း လွတ်ခွင့်နဲ့ တင်ပို့ခွင့်ပြုထားပြီး ထိုင်းဘက်မှာ ပြောင်းပေါ်ချိန်ဖြစ်တဲ့ စက်ဘာလကနေ ဇန်နဝါရီလကုန်အထိ ငါးလအတွင်းမှာတော့ ဝယ်ယူခွင့် ရပ်ဆိုင်းလေ့ရှိပါတယ်။အခုနှစ်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် ရှမ်းပြည်နယ် ၊ ကယားပြည်နယ်မှာရှိတဲ့ ပြောင်းစိုက်ဧကတွေ လျော့တဲ့အတွက် အထွက်နှုန်း နည်းနိုင်ဖွယ်ရှိတယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။

ထိုင်းကို မြန်မာ့အစေ့ထုတ် ပြောင်းတင်ပို့ရာမှာ ရန်ကုန်-ကော့သောင်း-ရနောင်း ရေကြောင်းလမ်းကနေ အများဆုံး တင်ပို့နေပြီး ပြောင်းဆန် တစ်တန်ကို FOB ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၂၅၅ ဒေါ်လာကနေ ၂၆၅ ဒေါ်လာ ကြားမှာ ဈေးငြိမ်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပြောင်းတစ်ပိဿာကို ကျပ် ၁၇၀၀ ဝန်းကျင်နဲ့ ရှမ်းပြည် နယ်မှာ ကျပ် ၁၃၀၀ ဝန်းကျင် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ ပြည်ပကို မြန်မာ့ပြောင်းတန်ချိန် ၁ သန်းကျော် တင်ပို့ ထားပြီး ထိုင်း၊ ဖိလစ်ပိုင်နဲ့ အိန္ဒိယနိုင်ငံတွေကို အဓိက တင်ပို့နေတာဖြစ်တယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်း အသင်းရဲ့ စာရင်းတွေအရသိရပါတယ်။