Foodpanda ရဲ့ ပလက်ဖောင်း၊ အစားအသောက်နဲ့ ကုန်ခြောက်ပို့ဆောင်ရေးဝန်ဆောင်မှုတွေကို မေလ ၂၃ ရက် ကစပြီး ထိုင်းနိုင်ငံမှာ လည်ပတ်မှု ရပ်ဆိုင်းသွားတော့မှာဖြစ်ကြောင်း Thaiger သတင်းမှာ ထုတ်ပြန်ထားပါတယ်။

ထိုင်းမှာ Foodpanda လည်ပတ်မှုရပ်ဆိုင်းမှာဖြစ်ပေမဲ့ မိခင်ကုမ္ပဏီ Delivery Hero အဖွဲ့ကတော့ ပိုမိုကောင်းမွန် တဲ့ ရလဒ်တွေ ရရှိစေဖို့အတွက် အာရှပစိဖိတ်ဒေသရှိ အခြားနေရာတွေမှာ ကြိုးပမ်းမှုတွေ ဆက်လက်အာရုံစိုက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ Delivery Hero က ထိုင်းနိုင်ငံရှိ ဝန်ထမ်းတွေ၊ ဖောက်သည်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို အထူး ကျေးဇူးတင် ရှိပြီး အကူးအပြောင်းကာလမှာ သူတို့အတွက် ပံ့ပိုးကူညီပေးဖို့ သန္နိဋ္ဌာန်ချထားတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

မေလ ၂၃ ကစပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ Foodpanda လေးတွေကို မြင်တွေ့နိုင်တော့မှာ မဟုတ်တော့ဘူး လို့ သက်ဆိုင်ရာအာဏာပိုင်တွေက ပြောကြားထားပါတယ်။Delivery Hero ဟာ အရှေ့တောင်အာရှရှိ Foodpanda လုပ်ငန်း တစ်စိတ်တစ်ပိုင်းကို ပြီးခဲ့တဲ့နှစ်အတွင်းက ရောင်းချဖို့ ကြိုးစားခဲ့ပေမယ့် ဝယ်ယူသူတွေနဲ့ သဘောတူညီမှု မရရှိခဲ့ဘူးလို့ သိရပါတယ်။