အခုရုရှားဖက်ဒရေးရှင်းနိုင်ငံခရီးစဉ်မှာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အထူးစီးပွားရေးဇုန်က ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ရုရှားနဲ့ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူညီမှုရခဲ့တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မတ်လ၅ရက်က မော်စကိုမြို့၊ Radisson Collection Hotelမှာ ကျင်းပတဲ့ မြန်မာ-ရုရှားစီးပွားရေးဖိုရမ်အပြီးမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောကြားလိုက်တာပါ။ထားဝယ်ရေနက်ဆိပ်ကမ်းဟာ ရုရှား-မြန်မာ ပူးပေါင်းဆက်ဆံရေးမှာရော၊ အရှေ့တောင်အာရှမှာ စီးပွားရေးအရ အချက်အချာကျမှုမှာရော အဓိကကျတဲ့ စီမံကိန်းတစ်ခုအဖြစ်မြင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ၁၁၀မဂ္ဂါဝပ်ရှိတဲ့ နျူကလီးယားဓာတ်ပေါင်းဖိုကို ရုရှားရဲ့နည်းပညာနဲ့ တည်ဆောက်ဖို့ သဘောတူညီမှုရခဲ့တယ်လို့လည်း ဆိုပါတယ်။မြန်မာ-ရုရှား နှစ်နိုင်ငံအကြား သဘောတူညီမှုစာချုပ်တွေ၊ နားလည်မှုစာချွန်လွှာတွေကို မတ်လ၄ရက်က မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်တို့ရဲ့ ရှေ့မှာ နှစ်နိုင်ငံတာဝန်ရှိသူတွေက လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြတာဖြစ်ပါတယ်။