မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို ပဲပုပ်သီးနှံတင်ပို့မှာဖြစ်တဲ့အတွက် စိတ်ဝင်စားတဲ့ကုမ္ပဏီတွေအနေနဲ့ အဆိုပြုလွှာ(EOI)လျှောက်ထားဖို့ စိုက်ပျိုးရေးဦးစီးဌာနက ဇန်နဝါရီ(၁၅)ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပဲပုပ်တင်ပို့ဖို့အတွက် မြန်မာနဲ့တရုတ် နှစ်နိုင်ငံချုပ်ဆိုထားတဲ့ အပင်ပိုးမွှားကင်းရှင်းရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်အရ သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ နှစ်စဉ် ပုံမှန်စိစစ်မှတ်ပုံတင်တာကို ဆောင်ရွက် သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။လျှောက်ထားလိုတဲ့ ကုမ္ပဏီတွေအနေနဲ့ စိတ်ဝင်စားမှုအဆိုပြုလွှာ(EOI)တွေကို ဖေဖော်ဝါရီလ (၂၈)ရက် နောက်ဆုံးထားပြီး တိုင်းဒေသကြီး/ပြည်နယ်တွေရှိ စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးရုံးမှာ လျှောက်လွှာတွေရယူပြီး လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံက ပဲပုပ်တင်ပို့မှုအနေနဲ့ တရုတ်နိုင်ငံအပါအဝင် အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ကို တင်ပို့နေပြီး ပြီးခဲ့တဲ့ ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်က ပဲပုပ်တန်ချိန် ၂၂၈ ဒသမ ၇၃ တန်၊ တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာသန်း ၀ ဒသမ ၂၀ သန်းဖိုး တင်ပို့နိုင်ခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကနေ သိရပါတယ်။