မြန်မာနိုင်ငံကနေ တရုတ်ကို တင်ပို့မယ့် စိုက်ပျိုးရေး စားသောက်ကုန်စည်အုပ်စု(၇)မျိုးကို တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့(GACC)မှာ မှတ်ပုံတင်တဲ့အခါ Manual စနစ်နဲ့ လျှောက်ထားရမယ်လို့ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့က သိရပါတယ်။

Manual စနစ်နဲ့ လျှောက်ထားရမယ့် ကုန်စည်အုပ်စုတွေထဲမှာ ကော်ဖီစေ့နဲ့ ကိုကိုးစေ့ ၊ ဟင်းသီးဟင်းရွက်အစိမ်း ၊ ဟင်းခတ်အမွှေးအကြိုင်၊ စားသုံးနိုင်တဲ့ အစေ့အဆန်တွေ၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံတွေနဲ့ တရုတ်တိုင်းရင်းဆေး ထုတ်လုပ်တဲ့ တိရစ္ဆာန် ဒါမှမဟုတ် အပင်မူရင်းတွေ ပါဝင်ပါတယ်။အရင်က အဲဒီကုန်စည်အုပ်စု ၇ မျိုးကို GACC လက်အောက်မှာရှိတဲ့ CIFER ကတစ်ဆင့် ဆောင်ရွက်ခဲ့ရာကနေ လက်ရှိမှာ China Department of Animal and plant Quarantine ဌာနက ပြောင်းလဲ တာဝန်ယူဆောင်ရွက်မှာ ဖြစ်တဲ့အတွက် ဒီကုန်စည်အုပ်စု ၇ မျိုး မှတ်ပုံတင်တာကို Manual စနစ်နဲ့ လျှောက်ထားရမှာပါ။

ဒီကုန်စည်အုပ်စု(၇)မျိုးအတွက် Manual စနစ်နဲ့ မှတ်ပုံတင်တာကို ကုမ္ပဏီလုပ်ငန်းတွေက ကိုယ်တိုင်ဆောင်ရွက် ခွင့်မရှိဘဲ သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီကနေ လျှောက်ထားရမှာြဖစ်ပြီး စိုက်ပျိုးရေးထွက်ကုန်တွေအတွက် စိုက်ပျိုးရေးဦးစီးဌာနကို လျှောက်ထားရမှာ ဖြစ်ပါတယ်။အဲဒီလို လျှောက်ထားရာမှာ သက်ဆိုင်ရာတာဝန်ခံအရာရှိတွေကသာ ဆောင်ရွက်နိုင်မှာဖြစ်ပြီး စာ ဒါမှမဟုတ် အီးမေးလ်ကတစ်ဆင့် ပေးပို့နိုင်သလို မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးနဲ့ တရုတ်နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးတို့က တစ်ဆင့် ပေးပို့လျှောက်ထားရမယ်လို့ သိရပါတယ်။