ရန်ကုန်မြို့မှာရှိတဲ့ ဈေးဝယ်စင်တာတွေမှာ သားငါးဝယ်ယူသူတွေ အရင်ကထက် ပိုမိုများပြားလာနေတယ်လို့ ရန်ကုန်မြို့ခံတွေဆီကနေ သိရပါတယ်။ အရင်ကဆိုရင် ဈေးဝယ်စင်တာတွေမှာ အသား၊ ငါးဝယ်ယူသူတွေဟာ ငွေကြေးသုံးစွဲနိုင်တဲ့ လူတန်းစားတွေနဲ့ နိုင်ငံခြားသားတွေလောက်ပဲရှိပေမယ့် အခုနောက်ပိုင်းမှာတော့ ကုမ္ပဏီ ဝန်ထမ်းတွေအပါအဝင် လူလတ်တန်း စားတွေကပါ ဝယ်ယူလာကြတာပါ။
ဈေးဝယ်စင်တာစူပါမားကက်တွေမှာရောင်းချတဲ့ သားငါးဈေးနှုန်းတွေနဲ့ ရပ်ကွက်ဈေးတွေမှာရောင်းတဲ့ လက်လီ ဈေးနဲ့ အများကြီး ကွာခြားမှုမရှိဘဲ တချို့ဈေးနှုန်းတွေဆိုရင် ဈေးဝယ်စင်တာတွေက ပိုသက်သာသလို သန့်ရှင်း လတ်ဆတ်မှုတွေရှိတာတွေ၊ အလေးချိန်ပြည့်တာတွေကြောင့် ရွေးချယ်ဝယ်ယူကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ဈေးဝယ်စင်တာတွေမှာ ရောင်းချတဲ့သားငါးတွေက လက်လီဈေးလို ကျပ်သား၊ ပိဿာချိန်နဲ့ ရောင်းချတာမျိုး မဟုတ်ဘဲ ခုတ်ထစ်သန့်စင်ပေးထားတဲ့ သားငါးတွေကို ဂရမ်၊ ကီလိုဂရမ် အလေးချိန်တွေနဲ့ ရောင်းချတာဖြစ် ပါတယ်။ ဒါ့အပြင် အသားငါးအမျိုးအစားအလိုက် သတ်မှတ်ဈေးနှုန်းတွေကို ကပ်ထားတဲ့အတွက် ဝယ်ယူတဲ့သူ တွေကလည်း မိမိတို့ဝယ်ယူမဲ့ပမာဏကို အဆင်ပြေအောင်ချိန်ဆတွက်ဆပြီး ဝယ်ယူနိုင်တာကြောင့် ဈေးမေးပြီး ဝယ်ရတာထက် ပိုအဆင်ပြေတယ်လို့ ဈေးဝယ်သူတချို့က ပြောပါတယ်။
များသောအားဖြင့် သောကြာ၊စနေနဲ့တနင်္ဂနွေနေ့တွေမှာ တစ်ပတ်စာဟင်းချက်ဖို့အတွက် လာရောက်ဝယ်ယူသူ များပြားတာကြောင့် ပိုက်ဆံရှင်းရမဲ့ ငွေရှင်းကောင်တာမှာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရတာတွေလည်း ရှိလာ တယ်လို့ လာရောက်ဝယ်ယူသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။