အခုနှစ် ဇန်နဝါရီလအတွက် ရောင်းချရမယ့် ဆန်ရည်ညွှန်းဈေးနှုန်းတွေကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် သတ်မှတ်ထုတ်ပြန်ခဲ့ရာ ဆန်ကြမ်းနဲ့ ဆန်ချောဈေးတွေဟာ ပြီးခဲ့တဲ့လကအတိုင်း ဈေးနှုန်းအပြောင်းအလဲ မရှိခဲ့တာကို တွေ့ပါတယ်။ ဇန်နဝါရီလအတွက် ဆန်ရည်ညွှန်းဈေးတွေကတော့ ဆန်အမျိုးအစားပေါ် မူတည်ပြီး ဆန်တစ်အိတ်ကို အနည်းဆုံး ကျပ် ၇၃၀၀၀ ကနေ ကျပ် တစ်သိန်းခွဲအထိ ရှိပါတယ်။

ဧည့်မထ၊ ငစိန်၊ ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန်ရာကျော်၊ ကရင်မ၊ ထွန်းပု စတဲ့ ဆန်ကြမ်းအမျိုးအစား တွေကတော့ တစ်အိတ်ကို ကျပ် ၇၃၀၀၀ ကနေ ကျပ် ၈၅၀၀၀ အထိ၊ ပေါ်ဆန်းအုပ်စုတွေဖြစ်တဲ့ ဧရာဝတီ ပေါ်ဆန်း၊ ခွံနီ၊ ပေါ်ကျွဲ၊ ဘေးကြား၊ ကြားပျံ အမျိုးအစားတွေကတော့ တစ်အိတ်ကို ကျပ် ၉၅၀၀၀ ကနေ ကျပ် ၁၃၅၀၀၀ အထိနဲ့ ရွှေဘိုပေါ်ဆန်းကတော့ အမျိုးအစားအလိုက် တစ်အိတ်ကို ကျပ် ၁၃၀၀၀၀ ကနေ ကျပ်တစ်သိန်းခွဲအထိ သတ်မှတ်ထားပါတယ်။

အခုထုတ်ပြန်တဲ့ ဆန်ရည်ညွှန်းဈေးတွေအပေါ် ဈေးကွက်အတွင်း ရောင်းချရာမှာ ၈ ရာခိုင်နှုန်းထက် ပိုပြီး ရောင်း ချတာတွေ မပြုလုပ်ဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် လစဉ်ထုတ်ပြန်တဲ့ ရည်ညွှန်းဈေး နှုန်းတွေ၊ စည်းကမ်းချက်တွေနဲ့အညီ ရောင်းချဖို့နဲ့ ဈေးနှုန်းမြှင့်တင် ရောင်းချတာ၊ အရည်အသွေး မမှန်မကန် ရောင်းချတာ၊ လိုက်နာဆောင်ရွက်မှု မရှိတာတွေအပေါ် အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူမှုတွေ ပြုလုပ်နေတယ်လို့လည်း အသိပေးဖော်ပြထားပါတယ်။