ဆောက်လုပ်ရေးအိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်(CHID ဘဏ်)က ဆောက်လုပ်ရေးလုပ်ငန်း ရှင်တွေနဲ့ ကန်ထရိုက်တာတွေရဲ့ လုပ်ငန်းလည်ပတ်မှုအတွက် ဆောက်လုပ်ရေးချေးငွေ ထုတ်ချေးပေးမယ်လို့ ထုတ်ပြန်ပါတယ်။

ဆောက်လုပ်ရေးနဲ့အိမ်ရာလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခုလို ဆောက်လုပ်ရေး ချေးငွေကို ထုတ်ချေးပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းချေးငွေသာ ရရှိမယ်ဆိုရင် ဆောက်လုပ်ရေးလုပ်ငန်းငယ်လေးအတွက် အထောက်အကူ ပိုပြုနိုင်မှာဖြစ်သလို ဆောက်လုပ်ရေးလုပ်ငန်းငယ်လေးတွေ မပြိုလဲရေးအတွက် ချေးငွေနည်းနည်းနဲ့ လုပ်ငန်း များများကို ထုတ်ပေးသင့်တယ်လို့ M.K.T ဆောက်လုပ်ရေးလုပ်ငန်းရဲ့ Chairman & CEO ဦးမျိုးမြင့်က ပြောပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ စိန်ခေါ်မှု အခက်အခဲတချို့ ရှိနေတယ်လို့လည်း ဦးမျိုးမြင့်က ပြောပါတယ်။
ဆောက်လုပ်ရေးချေးငွေလျှောက်ထားမယ်ဆိုရင် ချေးငွေလျှောက်လွှာ အပါအဝင် စာရင်းစစ်ဘဏ္ဍာရေးရှင်းတမ်း၊ စီမံခန့်ခွဲမှုဘဏ္ဍာရေးအစီရင်ခံစာ၊ (၃)နှစ်အခွန်ပြေစာ၊ ကုမ္ပဏီနဲ့ပတ်သက်တဲ့ စာရွက်စာတမ်း အထောက်အထား တွေ၊ အာမခံပစ္စည်းဓာတ်ပုံတွေနဲ့ တခြားဆက်စပ်စာရွက်စာတမ်း စတာတွေ တင်ပြရမယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ အိမ်ခြံမြေဈေးကွက်မှာတော့ အရောင်းဝယ်တွေအေးနေတဲ့အတွက် အိမ်ခြံမြေနဲ့ ဆက်စပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကလည်း တုံ့ဆိုင်းနေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းအသိုင်းအဝိုင်းကနေ သိရပါတယ်။