ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်ရုံးရှေ့မှာ ပြုလုပ်နေတဲ့ ပြည်တွင်းဆီစက်များဈေးရောင်းပွဲတော် ပထမနေ့ဖြစ်တဲ့ ဇန်နဝါရီလ ၄ရက်နေ့မှာ မြေပဲဆီ နှမ်းဆီ နဲ့ နေကြာဆီ စုစုပေါင်း ပိဿာချိန် ၃သောင်း ရောင်းချခဲ့ရတယ်လို့ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းရဲ့ ဒုတိယဥက္ကဌ ဦးထွန်းထွန်းဦးက One News ကို ပြောပါတယ်။

အခုနှစ်မှာ ပြည်ပကနေ စားသုံးဆီတင်သွင်းမှုလျှော့ချနိုင်ရေး၊ စားသုံးသူတွေက ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ မြေပဲဆီနှမ်းဆီနေကြာဆီကို ပိုမိုစားသုံးနိုင်ရေး နဲ့ ပြည်တွင်းဆီဖူလုံမှုကိုပြသချင်တာ ကြောင့် ဈေးရောင်းပွဲတော်တွေကို လစဉ်ကျင်းပသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းက ကြီးမှူးပြီး မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်ရုံးရှေ့မှာ ဇန်နဝါရီလ ၄ ရက်နေ့ကနေ ဇန်နဝါရီလ ၆ရက်နေ့အထိ သက်သာတဲ့နှုန်းထားနဲ့ မြေပဲဆီ နှမ်းဆီ နဲ့ နေကြာဆီတွေကို ရောင်းချပေးနေတာပါ။

အဲဒီဈေးရောင်းပွဲတော်မှာ မြေပဲဆီ တစ်ပိဿာ ကျပ် ၁၇၀၀၀ ၊ နေကြာဆီ တစ်ပိဿာ ကျပ် ၂၀၀၀၀ နဲ့ နှမ်းဆီတစ်ပိဿာ ကျပ် ၁၈၀၀၀ နှုန်း နဲ့ ရောင်းချနေပါတယ်။ရပ်ကွက် မြို့နယ်အသီးသီးမှာရှိတဲ့ လက်လီဈေးကွက်ထဲမှာ မြေပဲဆီတစ်ပိဿာကျပ် ၂၀၀၀၀ ကျော် ပေါက်ဈေးရှိတယ်လို့ အိမ်ရှင်မတစ်ချို့ကပြောပါတယ်။အဲဒီအရောင်းပွဲတော်မှာ မြေပဲဆီအများဆုံးရောင်းချရပြီး နေကြာဆီ နဲ့ နှမ်းဆီကိုတော့ ဝယ်လိုအားနည်းတယ်လို့ သိရပါတယ်။

လက်ရှိမှာ မြေပဲဆီကြိတ်တဲ့မြေပဲဆန်တစ်ပိဿာက ကျပ် ၈၃၀၀ ကနေ ကျပ် ၉၀၀၀ ဈေးတန်းရှိပြီး ဆီကြိတ်နှမ်းညို တစ်တင်းက ကျပ် တစ်သိန်း ဝန်းကျင် နဲ့ နေကြာတစ်ပိဿာကကျပ် ၇၀၀၀ ကျော် ပေါက်ဈေးရှိပါတယ်။ပြည်တွင်းကထုတ်လုပ်တဲ့နေကြာဆီကို ဆီထုတ်လုပ်သူတွေက စားသုံးမှုထပ်ပိုလျှံမှသာဈေးကွက်ထဲကို ထုတ်ရောင်းနေကြတယ်လို့ သိရပါတယ်။

ပြည်တွင်းမှာ ကျေးလက်ဒေသက ဆီစက်တွေအပါအဝင် မှတ်ပုံတင်ထားတဲ့ ဆီစက် ၇၀ ရာခိုင်နှုန်းလောက် လည်ပတ်နေတယ်လို့ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းက သိရပါတယ်။လက်ရှိမှာ ပြည်တွင်းဆီစက်တွေကနေ စားသုံးဆီတန်ချိန် ၆သောင်းလောက်ထုတ်လုပ်နေပြီး ပြည်တွင်းမှာ စားသုံးဆီလိုအပ်ချက်က တစ်လကို တန်ချိန်၁သိန်းခန့် ရှိတာကြောင့် ပြည်ပကနေ လစဉ်စားအုန်းဆီ တန်ချိန် ၅သောင်းဝန်းကျင် တင်သွင်းနေရတယ်လို့ သိရပါတယ်။