နေရောင်ခြည်စွမ်းအင် ဆိုလာစနစ်နဲ့ လျှပ်စစ်ဓာတ်အားထုတ်ယူမှုလုပ်ငန်းတွေအတွက် အရင်းအနှီးလိုအပ်ချက်ကို နိုင်ငံတော်က ဆောင်ရွက်ပေးသွားမယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ဇန်နဝါရီ၁၇ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလိုပြောကြားလိုက်တာပါ။ဆိုလာစီမံကိန်းတွေကို နိုင်ငံတော်က ဆောင်ရွက်နေတာရှိသလို လုပ်ငန်းရှင်တွေအနေနဲ့လည်း မိမိတို့လုပ်ငန်းလိုအပ်ချက်အလိုက် ဆိုလာစီမံကိန်းတွေကို ဆောင်ရွက်နိုင်တယ်လို့ ပြောပါတယ်။
ဆိုလာစနစ်နဲ့လျှပ်စစ်ထုတ်လုပ်တဲ့လုပ်ငန်းကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေကလည်း တစ်နိုင်တစ်ပိုင်ဝိုင်းဝန်းဆောင်ရွက်ကြဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလအတွင်း မိတ္ထီလာမြို့က MSMEလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံရာမှာ ပြောကြားခဲ့သလို နောင်မှာအဆောက်အဦတွေ တည်ဆောက်မယ်ဆိုရင် ဆိုလာစနစ်ကိုပါ တစ်ခါတည်းထည့်သွင်းတည်ဆောက်ပြီး ပိုလျှံတဲ့ဓာတ်အားတွေကို National Gridထဲကို ပေးပို့နိုင်ဖို့ အမိန့်ထုတ်ပြန်နိုင်တဲ့အထိဆောင်ရွက်ဖို့လည်း လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောကြားထားပါတယ်။