မီးစက်နဲ့ ဆိုလာစွမ်းအင်သိုလှောင်မှု ကုန်စည်ပြပွဲကို ဇန်နဝါရီ ၁၀ ရက်က စတင်ပြီး ရန်ကုန်ကွန်ဗန်းရှင်းစင်တာ မှာ ကျင်းပနေပြီး ဆိုလာနဲ့မီးစက်ပစ္စည်းတွေ ဝယ်လိုအားများပြားတယ်လို့ ပြပွဲမှာ ပြသရောင်းချနေတဲ့ ကုမ္ပဏီ တွေဆီက သိရပါတယ်။ ကုန်စည်ပြပွဲ ပထမနေ့မှာတော့ လာရောက်လေ့လာသူတွေနဲ့ စိတ်ဝင်တစား ကြည့်ရှု ဝယ်ယူသူတွေ များပြားခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလော ဆိုလာနဲ့မီးစက်ပစ္စည်းတွေ ဝယ်လိုအား မြင့်တက်နေတဲ့အတွက် ပြပွဲမှာ စိတ်ဝင်တစား လာရောက် ကြည့်ရှုဝယ်ယူသူတွေ များပြားတယ်လို့ ပြပွဲမှာ ပြသရောင်းချတဲ့ Allegiance Parts and Service ကုမ္ပဏီ လီမိတက်က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ပြပွဲကို လာရောက်လေ့လာသူတွေဟာ လုပ်ငန်းသုံးအတွက် ဆိုလာစွမ်းအင်သုံးပစ္စည်းတွေကို စိတ်ဝင်စားမှု ရှိသလို အင်ဗာတာနဲ့ ဆိုလာဘတ်ထရီ တပ်ဆင်ထားတဲ့ ပစ္စည်းတွေ၊ ဆိုလာနဲ့တွဲထားတဲ့ မီးသီးတွေနဲ့ တစ်နိုင်တစ်ပိုင်သုံး ဆိုလာပစ္စည်းတွေကို လေ့လာကြည့်ရှုသူ များပြားတယ်လို့ လာရောက်လေ့လာသူ ပြည်သူအချို့က ပြောပါတယ်။

ပြပွဲမှာတော့ ဘတ်ထရီနဲ့အင်ဗာတာ တပ်ဆင်ထားတဲ့ အိမ်သုံးပစ္စည်းတွေ လေ့လာဝယ်ယူသူများပြားပြီး ပစ္စည်း အမျိုးအစား ပေါ်မူတည်ကာ ကျပ်သိန်းတစ်ရာကနေ ကျပ်သိန်း တစ်ရာအောက် ဈေးနှုန်းတွေ ရှိတယ်လို့ ပြပွဲမှာ ပြသရောင်းချတဲ့ Power X ကုမ္ပဏီက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ ကုန်စည်ပြပွဲကို ဇန်နဝါရီ ၁၀ ရက်ကနေ ၁၂ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ တရုတ် နိုင်ငံက ကုမ္ပဏီပေါင်း ၈၀ ကျော်က ဆိုင်ခန်းပေါင်း ၁၅၀ နဲ့ ခင်းကျင်း ပြသထားတာ ဖြစ်တယ်လို့ သိရပါတယ်။