ရန်ကုန်မြို့က သီလဝါနဲ့ဆူးလေဆိပ်ကမ်းတွေမှာ ဆိပ်ကမ်းတံတားတွေနဲ့ ကုန်ကိုင်တွယ်စနစ်တွေ တည်ဆောက်ဖို့ အတွက် သက်ဆိုင်ရာအသင်းအဖွဲ့တွေနဲ့ Myanmar China Habour Engineeringကုမ္ပဏီ(MCHEC)တို့အကြား ဇန်နဝါရီ ၂ ရက်က သဘောတူစာချွန်လွှာတွေ လက်မှတ်ရေးထိုးခဲ့တယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနကနေ သိရပါတယ်။

သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးတဲ့အခမ်းအနားကို ဇန်နဝါရီ ၂ ရက်က ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့ပြီး နစကအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။သီလဝါဆိပ်ကမ်းဧရိယာအကွက်အမှတ် ၂၇၊ ၂၈ နဲ့ ၂၉ တို့မှာ ကောက်ပဲသီးနှံနဲ့ စားသုံးဆီအတင်အချအတွက် ဆိပ်ကမ်းတံတားသစ်တွေ တည်ဆောက်ဖို့နဲ့ ဆူးလေဆိပ်ကမ်းတံတားနဲ့ သိုလှောင်ရုံအမှတ် ၁၊ ၂၊ ၃ နဲ့ ၄တို့မှာ အမိုးအကာပါတဲ့ ကွန်ဗေယာစနစ် တပ်ဆင်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းရင်းနှီးမြှုပ်နှံ တိုးချဲ့တည်ဆောက်ရေးတို့ အတွက် သဘောတူစာချွန်လွှာတွေ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

သီလဝါအကွက်အမှတ် ၂၇ မှာ စက်သုံးဆီဆိပ်ကမ်းတံတားသစ်တည်ဆောက်ရေးအတွက် Myanmar Eidable Oil Industrial အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်(MEICO)နဲ့ MCHEC ၊ သီလဝါအကွက်အမှတ် ၂၈ မှာ ကောက်ပဲသီးနှံဆိပ်ကမ်းတံတား တည်ဆောက်ရေးအတွက် မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီ လီမိတက်(MAPCO)နဲ့ MCHEC ၊ သီလဝါအကွက်အမှတ် ၂၉ မှာ ကောက်ပဲသီးနှံဆိပ်ကမ်းတံတား တည်ဆောက် ရေးအတွက် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် (MAGDPL)နဲ့ MCHEC၊ ဆူးလေဆိပ်ကမ်းတံတားနဲ့ သိုလှောင်ရုံအမှတ် ၁၊ ၂၊ ၃ နဲ့ ၄တို့မှာ အမိုးအကာပါတဲ့ ကွန်ဗေယာစနစ်တပ်ဆင်ရေးလုပ်ငန်းအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ MCHEC တို့အကြား သဘောတူ စာချွန်လွှာတွေ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ အခုစီမံကိန်းတွေရဲ့ ကနဦးရင်းနှီးမြှုပ်နှံမှုတန်ဖိုးက စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၁ သန်း ဖြစ်တယ်လို့ သိရပါတယ်။