ရန်ကုန်ဆန်ဈေးကွက်ထဲမှာတော့ ရွှေဘိုပေါ်ဆန်းနဲ့ ဆန်ချောအမျိုးအစားတွေ အရောင်းအဝယ်ပါးပြီး ဆန်ကြမ်း အမျိုးအစားတွေသာ အရောင်းအဝယ်ရှိနေတယ်လို့ ရန်ကုန်မြို့က ဆန်လက်ကားရောင်းချနေသူတွေဆီက သိရပါ တယ်။ လက်ရှိ ဆန်ဈေးကွက်ထဲမှာတော့ တစ်သိန်းခွဲကျော်အထက်ရှိတဲ့ ရွှေဘိုပေါ်ဆန်း၊ ကျားပျံနဲ့ မြောင်းမြ ပေါ်ဆန်း စတဲ့ ဆန်ချောအမျိုးအစားတွေဟာ အရောင်းအဝယ်မရှိသလောက်ဖြစ်နေပြီး ကျပ်တစ်သိန်းခွဲ အောက် ဆန်ချော အမျိုးအစားတွေကတော့ အရောင်းအဝယ် ရှိနေသေးတယ်လို့ ဆိုပါတယ်။
လတ်တလော ဆန်ချောအမျိုးအစား ဈေးတက်လာတာမရှိပေမယ့် ကုန်ဈေးနှုန်းမြင့်တက်လာတဲ့အပေါ် မဝယ်နိုင် တဲ့အတွက် အရောင်းအဝယ်ကျဆင်းနေတာ ဖြစ်တယ်လို့ ရန်ကုန်မြို့ ရွှေမိုး ဆန်ရောင်းဝယ်ရေးက အရောင်းတာ ဝန်ခံက ပြောပါတယ်။ ဆန်ကြမ်းအမျိုးအစားတွေထဲမှာ ကျပ်တစ်သိန်းအောက်တွေဖြစ်တဲ့ ဧည့်မထ၊ ဇီယာနဲ့ ရက် ၉၀ အမျိုးအစားတွေကတော့ အရောင်းအဝယ် ရှိနေတယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်လီဆိုင် ၅၈ ဆိုင်မှာ ဧည့်မထဆန် တစ်ပြည်ကို ၃၀၀၀ ကျပ်နဲ့ ရောင်းချ ပေးနေတယ်လို့လည်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က မေလ ၃၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

