စားအုန်းဆီ အိမ်အရောက်ဖြန့်ဖြူးရောင်းချရာမှာ မှာယူသူများပြားတဲ့အတွက် ဩဂုတ် ၈ ရက်ကစပြီး Call Center ဖုန်းနံပါတ်တွေကို တိုးချဲ့ပြီး ဆီအမှာစာတွေကို တိုးမြှင့်လက်ခံပေးသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ပါတယ်။
မူလက Call Center ဖုန်းနံပါတ်တွေကို လိုင်းခွဲ ၇ ခုနဲ့ အမှာစာတွေ လက်ခံပေးနေရာကနေ စားသုံးသူတွေ မှာကြားမှု ပိုမိုအဆင်ပြေစေဖို့ ထပ်မံပြီး တယ်လီနောအော်ပရေတာ ဖုန်းနံပါတ် 09-779778887 (လိုင်းခွဲ ၉) ခု နဲ့ ဆီအမှာစာတွေ ကို ဩဂုတ် ၈ ရက်ကစပြီး အစိုးရရုံးပိတ်ရက်မပါ နေ့စဉ် မနက် ၉ နာရီကနေ ညနေ ၄ နာရီထိ တိုးမြှင့် လက်ခံ ပေးသွား မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ စားအုန်းဆီတွေ ဝယ်ယူဖို့ နေ့စဉ်ဆက်သွယ်မှာယူတဲ့သူတွေဟာ တစ်ရက်ကို ရှစ်ထောင်ကနေ ကိုးထောင်ကြား ရှိနေတဲ့အတွက် မှာယူသူ ပြည်သူအချို့မှာ ဖုန်းခေါ်ဆိုတာ ကြန့်ကြာတာ၊ မှာယူမှု ခက်ခဲတာတွေ ကြုံတွေ့နေရ တယ်လို့ သိရပါတယ်။
စားအုန်းဆီ တွေကို အိမ်အရောက်ရောင်းချပေးတာကတော့ အိမ်ထောင်စုတစ်စုအတွက် တစ်လ တစ်ကြိမ် နှစ်ပိဿာနှုန်းနဲ့ ဇူလိုင် ၃၁ ရက်ကစတင်ပြီး ရောင်းပေးနေတာ ဖြစ်ပါတယ်။