စားအုန်းဆီတင်သွင်းရာမှာ မသမာမှုပြုလုပ်ခဲ့တဲ့ ကုမ္ပဏီ ၈ ခုကို အမည်မည်းစာရင်း (Black List) ထည့်သွင်း သတ်မှတ်ခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ဇွန်လ ၂၄ ရက်က အသိပေးကြေညာပါတယ်။
ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန အွန်လိုင်းမှတ်ပုံတင်စနစ်မှာ ဖွဲ့စည်းမှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ တွေအနေနဲ့ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်တွေကို လေးစားလိုက်နာရမယ့်အပြင် မိမိတို့လုပ်ကိုင် ဆောင်ရွက်နေတဲ့လုပ်ငန်းနဲ့သက်ဆိုင်တဲ့ အစိုးရဌာန၊ အဖွဲ့အစည်းတွေက ချမှတ်ထားတဲ့ အခြားတည်ဆဲဥပဒေနဲ့ နည်းဥပဒေတွေကို လိုက်နာမှုမရှိကြောင်း တွေ့ရှိရင် မှတ်ပုံတင်အရာရှိက အများပြည်သူသိစေဖို့ ကြေညာသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အမည်မည်းစာရင်း ထည့်သွင်းသတ်မှတ်ခဲ့တဲ့ ကုမ္ပဏီတွေကတော့ Six Winner Brothers ကုမ္ပဏီလီမိတက်၊ Diamond Dragon ကုမ္ပဏီလီမိတက်၊ Ayeyar Hinthar Trading ကုမ္ပဏီလီမိတက်၊ Thein Than Yadanar ကုမ္ပဏီလီမိတက် စတဲ့ ကုမ္ပဏီတွေ ပါဝင်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။