စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဩဂုတ် ၁၂ ရက်ကနေ ၁၈ ရက်အထိ တစ်ပတ်အတွင်း စားအုန်းဆီလက်ကားရည်ညွှန်းဈေး ရန်ကုန်အထိုင်ဈေးအဖြစ် တစ်ပိဿာကို ၅၉၄၅ ကျပ်သတ်မှတ်ထားတယ်လို့ ထုတ်ပြန်ပါတယ်။
အခုသတ်မှတ်လိုက်တဲ့ရည်ညွှန်းဈေးဟာ ပြီးခဲ့တဲ့တစ်ပတ်ကထက် တစ်ပိဿာကို ၁၆၅ ကျပ် မြင့်တက်လာတာတွေ့ရပြီး စားအုန်းဆီလက်ကားရည်ညွှန်းဈေးတွေ ဆက်လက်မြင့်တက်နေတာလည်းဖြစ်ပါတယ်။ စားအုန်းဆီကို ပြည်တွင်းဈေးကွက်မှာ ဈေးနှုန်းမြှင့်တင်ရောင်းချတာ၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာတွေအပါအဝင် မသမာမှုပြုလုပ်ရင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းကလည်း စားအုန်းဆီကို တစ်အိမ်ထောင် နှစ်ပိဿာနှုန်းနဲ့ အိမ်အရောက်ဖြန့်ဖြူးရောင်းချပေးနေပြီး ဆက်သွယ်မှာယူသူတွေ များပြားနေတယ်လို့သိရပါတယ်။