ရန်ကုန်တိုင်းဒေသကြီးအတွင်း စားအုန်းဆီတွေကို အိမ်အရောက်ဖြန့်ဖြူးရောင်းချပေးနေရာ ဆက်သွယ်မှာယူသူ များပြားတဲ့အတွက် Call Center ဖုန်းနံပါတ်တွေကို တိုးချဲ့လက်ခံပေးသွားဖို့ စီစဉ်ထားတယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ လက်ရှိမှာတော့ စားအုန်းဆီတွေဝယ်ယူဖို့ နေ့စဉ်ဆက်သွယ်မှာယူတဲ့သူတွေဟာ တစ်ရက်ကို ရှစ်ထောင်ကနေ ကိုးထောင်ကြားရှိနေတဲ့အတွက် မှာယူသူပြည်သူအချို့မှာ ဖုန်းခေါ်ဆိုတာကြန့်ကြာတာ၊ မှာယူမှု ခက်ခဲတာတွေ ကြုံတွေ့နေရတယ်လို့သိရပါတယ်။
နေ့စဉ်အမှာစာ တစ်ထောင်ဝန်းကျင်ကနေ တစ်ထောင်ကျော်အထိ လက်ခံပေးနေတာဖြစ်ပြီး တစ်လကို အိမ်ထောင်စု သုံးသောင်းစာအတွက် ဆီပိဿာချိန် ခြောက်သောင်းကျော်လောက် အိမ်အရောက်ဖြန့်ဖြူးရောင်းချပေးဖို့ စီစဉ်ထားတာဖြစ်တယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ လတ်တလော စားအုန်းဆီမှာယူမှု များပြားနေတဲ့အတွက် Call Center ဖုန်းနံပါတ်တွေကို တိုးချဲ့ လက်ခံတာ၊ နောက်လတွေမှာ အိမ်ထောင်စု ငါးသောင်းစာအတွက် ရောင်းချပေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
စားအုန်းဆီတွေကိုမှာယူဖို့ Call Center ဖုန်းနံပါတ်တွေကို ဆက်သွယ်ရာမှာ ဖုန်းဆက်သွယ်လို့မရတာ၊ ကြန့်ကြာတာတွေ ရှိနေတယ်လို့လည်း တောင်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ပြည်သူတစ်ယောက်ကပြောပါတယ်။
စားအုန်းဆီတွေကို အိမ်အရောက်ရောင်းချပေးတာကတော့ အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက် တစ်ကြိမ်ကို နှစ်ပိဿာနှုန်းနဲ့ ဇူလိုင် ၃၁ ရက်က စတင်ပြီး ရောင်းပေးနေတာဖြစ်ပါတယ်။