ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးအဖြစ် ဇန်နဝါရီလ ၂၀ ရက်ကနေ ဇန်နဝါရီလ ၂၆ ရက်အထိ စားအုန်း ဆီ တစ်ပိဿာကို ၇၂၅၅ ကျပ်သတ်မှတ်ထားတယ်လို့ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီး ကြပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ၃ ပတ်ဆက်တိုက်က သတ်မှတ်ခဲ့တဲ့ တစ်ပိဿာကို ၇၂၈၀ ကျပ်နဲ့ နှိုင်းယှဉ်ရင် အခုအပတ်မှာ ၂၅ ကျပ် ကျဆင်းသွားတာ ဖြစ်ပါတယ်။

စားအုန်းဆီရည်ညွှန်းဈေးတွေကို စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့တဲ့ မလေးရှားနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ဈေးနှုန်း တွေကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်တွေ၊ ဘဏ်စရိတ်တွေ၊ အခွန်အခတွေ ထည့် သွင်း တွက်ချက်ပြီး ပြည်တွင်းဈေးကွက်မှာ ရောင်းဝယ်ရမယ့် ရည်ညွှန်းဈေးတွေကို ထုတ်ပြန်ပေးနေတာလို့ သိရ ပါတယ်။

ပြည်တွင်းဈေးကွက်ထဲမှာ စားအုန်းဆီကို ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာ၊ ဈေးနှုန်းမြှင့်တင် ရောင်းချ တာနဲ့ မသမာတဲ့လုပ်ဆောင်မှုတွေ ပြုလုပ်ရင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ပြင်ပဈေးကွက်ထဲမှာတော့ စားသုံးဆီဈေးဟာ ကျပ် တစ်သောင်းကျော် ပေါက်ဈေးရှိနေတယ်လို့ ရန်ကုန်မြို့ခံ ပြည်သူအချို့က ပြောပါတယ်။