အခုစက်တင်ဘာလကစပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းကမြို့နယ်အချို့မှာ စားအုန်းဆီတွေကို ဆီစာအုပ်နဲ့ရောင်းချဖို့ ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ယောက်က One News ကိုပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့နဲ့ ဆင်ခြေဖုံး ရပ်ကွက်တွေမှာ စားအုန်းဆီရောင်းချမှုကို တန်းစီဝယ်ယူဝယ်ယူမှုအစား သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက အိမ်ထောင်စုတစ်စုချင်းအလိုက် စားအုန်းဆီဝယ်ယူခွင့်စာအုပ်နဲ့သာရောင်းချဖို့ ဆောင်ရွက်နေတာဖြစ်တယ်လို့ဆိုပါတယ်။

လက်ရှိမှာတော့ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေက အိမ်ထောင်စုစာရင်းနဲ့ဧည့်စာရင်းတွေ စာရင်းကောက်ယူနေပြီးအိမ်ထောင်စုတစ်စုချင်းအလိုက် ဆီစာအုပ်နဲ့စတင်ရောင်းချနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။
စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်တဲ့ စက်တင်ဘာလ ၂ ရက်ကနေ ၈ ရက်အထိ ရန်ကုန်အထိုင်ဈေးလက်ကားရည်ညွှန်းဈေးအဖြစ် စားအုန်းဆီတစ်ပိဿာကို ၆၄၉၀ ကျပ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။