ပြည်တွင်းစားသုံးဆန်တွေဖြစ်တဲ့ ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းတွေ၊ ဧရာမင်း၊ ရက် ၉၀၊ ဧရာပဒေသာ၊ အညာသား၊ ပခန်း၊ ဖန်သီးသုခ စတဲ့ စပါးနဲ့ဆန်တွေကို စီးပွားရေးအဖြစ် ရောင်းဝယ်ဖို့ သိုလှောင်ထားရှိရင် ဇူလိုင် ၇ ရက်နောက်ဆုံးထားပြီး MyRO စနစ်မှာ သိုလှောင်ရုံမှတ်ပုံတင်ရမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသိပေးထုတ်ပြန်ထားပါတယ်။
မှတ်ပုံတင်ဖို့ အချိန်မီ ဆောင်ရွက်နိုင်ခြင်း မရှိသေးရင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကို သိုလှောင်ထားရှိမှု အခြေအနေတွေ စာရင်းကြိုတင်ပေးပို့ထားဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆန်တန်ချိန် ၅၀ ဒါမှမဟုတ် စပါးတင်း ၅၀၀၀ နဲ့အထက် သိုလှောင်တဲ့ ဆန်စပါးသိုလှောင်ရုံ ပိုင်ဆိုင်သူတွေ အနေနဲ့ Myanmar Rice Online(MyRO)မှာ မှတ်ပုံတင်ထားကြဖို့ အသိပေးထားပြီးဖြစ်သလို မှတ်ပုံတင်ထားပြီးတဲ့ သိုလှောင်ရုံပိုင်ရှင်တွေအနေနဲ့လည်း ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် လချုပ် Update စာရင်းရေးသွင်းတာကို လစဉ် လကုန်ပြီး ၇ ရက်အတွင်း နောက်ဆုံးထားပြီး မပျက်မကွက် တိကျစွာတင်ပြဖို့ကိုလည်း အသိပေးထား ပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်း အဖွဲ့တွေကို တိုင်းဒေသကြီး/ပြည်နယ်တွေမှာ ဖွဲ့စည်းထားပြီးဖြစ်တဲ့အတွက် သိုလှောင်ရုံတွေကို မှတ်ပုံတင်မထားတာ၊ စာရင်းရေးသွင်းမထားတာတွေကို စစ်ဆေးတွေ့ရှိရင်ဖြစ်စေ၊ မြေပြင်ကွင်းဆင်းစစ်ဆေးရာမှာ တင်ပြထားတဲ့ အချက်တွေနဲ့ ကိုက်ညီမှုမရှိရင်ဖြစ်စေ ထိရောက်စွာအရေးယူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။