အခု ရက်ပိုင်းအတွင်း တရုတ်ဝယ်လက်တွေဘက်က အဝယ်ပြန်အေးသွားတာကြောင့် စမုံနှမ်းနက် ဈေးနှုန်းက သုံး တင်း တစ်အိတ်ကို ကျပ် ၂ သောင်းလောက် ပြန်ကျတယ်လို့ မန္တလေးပဲနှမ်းဈေးကွက်က သိရပါတယ်။ အခု ဇန်နဝါရီ ပထမပတ်က တရုတ်နှစ်သစ်ကူးပွဲတော်အတွက် တရုတ်ဝယ်လက်တွေက ဝယ်လိုအားကောင်းခဲ့လို့ စမုံနှမ်းနက် သုံးတင်းတစ်အိတ်ကို ကျပ် ၆ သိန်း ၉ သောင်းဝန်းကျင်အထိ ပေါက်ဈေးရှိခဲ့တာပါ။

လက်ရှိမှာတော့ အဝယ်အေးသွားတဲ့အတွက် စမုံနှမ်းနက်သုံးတင်းတစ်အိတ်ကို ကျပ် ၆ သိန်း ၇သောင်း ဝန်းကျင် လောက်သာ ရှိတော့တယ်လို့ ဝင်းဝင်းပွဲရုံပိုင်ရှင် ဦးရဲမိုးက ပြောပါတယ်။ အခုနှစ်မှာ နှမ်းဈေးကောင်းပေမယ့်လည်း ကျွမ်းကျင် လုပ်သားရှားပါးတာ၊ သွင်းအားစု စရိတ်ကြီးမြင့်တာနဲ့ သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်တာတွေကြောင့် နှမ်းစိုက်တောင်သူတွေကတော့ အကျိုးအမြတ်သိပ်မရဘူးလို့ တောင်သူတချို့က ပြောပါတယ်။

ပြည်ပကိုတော့ စမုန်နှမ်းနက်ကိုသာ အဓိကတင်ပို့ပြီး နှမ်းဈေးကွက်အတွင်းမှာ အက်ဆစ်အောင် နှမ်းတွေသာ အဓိက အရောင်းအဝယ်ဖြစ်နေပါတယ်။ နှမ်းဖြူရိုးရိုးကိုတော့ ပြည်တွင်းဈေးကွက်က ဝယ်လိုအား အများဆုံး ရှိနေတာဖြစ်ပါတယ်။ ပြည်တွင်းမှာ တစ်နှစ်ကို နှမ်းတန်ချိန် ၆ သိန်းကနေ ၈ သိန်းအထိ အထွက်နှုန်းရှိပြီး မြန်မာ့နှမ်းကို တရုတ်၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူ စတဲ့ နိုင်ငံတွေကို တင်ပို့နေတယ်လို့ သိရပါတယ်။